" ခုနက အသိလားဆက်... ''
" မဟုတ်ပါဘူး... ဆက် လူလွဲသွားတာ... ''
" ဪ... သူကချောတယ်နော်... ''
ဆက် ကိုကိုသွင်ကိုမော့ကြည့်လိုက်မိသည် ။ ချောတယ်နော် ဆိုသော စကားစုလေးက သူမကို စိတ်ထင့်စေ၏ ။
100-day My Prince ထဲက သူမ၏ bias D.O. လိုသာ အခုငါတစ်ယောက်ထဲ စိတ်မသက်မသာဖြစ်နေတာလား ဟုရေရွတ်လိုက်ချင်မိသည် ။
" မချောပါဘူး... ပိုးဟပ်ဖြူလို အသားကဖြူဖြူ လူကပိန်ပိန်နဲ့ဘယ်နေရာချောနေလို့လဲ ''
တရစပ်ပြောချသွားသော သူမကို သွင်ဟန်သာလည်း အံ့သြသွားပုံပေါ်သည် ။ ပြီးမှ ရယ်ချလိုက်ရင်း...
" ဟုတ်ပါပြီ... လာ... သွားစို့ ဆက် ''
သွင်ဟန်သာ ဆက်ကို လက်ဆွဲပြီး ကျောင်းဆောင်တွေဆီခေါ်သွားသည် ။ ဆက်နဲ့ သွင်ဟန်သာနဲ့က ဘယ်သူတွေဘာပြောပြော မောင်နှမအရင်းလိုဆက်ဆံရေးမျိုးပင် ။ လက်ကိုင်လည်း ရင်မခုန် ။ ဖက်ထားရင်တောင် ဘယ်လိုမှနေမှာမဟုတ် ။
ဒါပေမယ့် ချမ်းနဲ့ဆိုရင်တော့ ရင်ခုန်ချင်ခုန်မှာပေါ့.... ။ သူ့ဘာသူတွေးရင်း သဘောကျနေပြန်သည် ။ နှစ်အနည်းငယ်အတွင်းမှာ ဖြစ်တည်နေတဲ့အမုန်းတွေက တစ်မနက်ထဲနဲ့ မေ့ပျောက်သွားတယ်ဆိုတာ နည်းနည်းနောနောစကေးတော့မဟုတ်... ။
ပြန်စဉ်းစားကြည့်ရင် ငါနင့်ကို မုန်းလို့မရခဲ့တာဖြစ်ပါလိမ့်မယ် ချမ်း ။
" မုန်းစမ်း... နင်ကြိုက်သလောက်မုန်း ချမ်းမြမြကို... နင်ဘယ်လောက်မုန်းမုန်း တစ်နေ့ငါကနင့်ကိုရအောင်ယူမှာ... နင်က ငါ့အပိုင်ဘဲ ဖြစ်လာစေရမယ် ချမ်း... နင်မှတ်ထား ''
အတိတ်က သူမပြောခဲ့ဖူးသောစကားတစ်ခွန်းက ဘယ်ကဘယ်လိုခေါင်းထဲပြန်ပေါ်လာသည်မသိ ။ အမယ်လေး... ဖျောက်စမ်း...အတွေးတွေကိုဖျောက်ပစ်လိုက်စမ်း ပတ္တမြားဆက်ရေ...