" မေမေ... ''
ဆက် ပထမဆုံးသတိရလာသည့်အချိန် သူမဘေးမှာရှိပေးနေသောတစ်ဦးထဲသောလူသား...
သူမလက်ကိုခပ်ဖွဖွဆုပ်ကိုင်ရင်း အိပ်ပျော်နေ၏ ။ ပင်ပန်းနေဟန်တူသည် ။ သူမကိုယ်ကိုပြန်ကြည့်လိုက်တော့လည်း ဆေးပိုက်တန်းလန်းနှင့် ... ။
သူမ ဘာကိုမှမမှတ်မိ ။ ညက မေမေတို့်ပြောနေတာတွေကြားပြီး ရေချိုးခန်းထဲမှာ အားရအောင်ငိုပစ်ခဲ့၏ ။ အချိန်တွေဘယ်လောက်ကြာသွားမှန်းသူမမသိ ။ သူမသိခဲ့တာက မေမေသည် သူမထင်ထားသလိုမဟုတ်။
မေမေသည် သူမကိုသိပ်ချစ်သည် ။ အရာရာ သူမအတွက်သာတွေးတောခဲ့သည်ချည်း ။ ဒါကိုသူမက အထင်တွေလွဲခဲ့မိသည် ။ ဘာအကြောင်းအရာတစ်ခုမှမသိပါဘဲနှင့် မေမေ့အပေါ် အချစ်တွေ ကွယ်ပျောက်ခဲ့ရသည် ။
အရာရာဟာ သူမအလွန်တွေသာ...
ဆက် အတွေးတွေထဲ အကြောင်းအရာတွေကစုံလှသည် ။ သိပ်ချစ်ရသော ဖေဖေသည်သူမ၏ဖခင်အရင်းမဟုတ် ။ ဒါကိုဖေဖေလည်းသိသည် ။ သိပါလျှက် သူမအပေါ်အချစ်ပိုခဲ့သည် ။ စည်းကမ်းကြီးသည်မှလွဲလျှင် အကုန်ဖူးဖူးမှုတ် လိုလေသေးမရှိအောင်ထားခဲ့သည် ။
နောက်ပြီး သူမမချစ်ခဲ့သော မေမေသည် သူမကိုသေမတတ်ချစ်မြတ်နိုးသူဖြစ်နေခဲ့သည် ။
အရာအားလုံးကို ခြုံငုံစဉ်းစားကြည့်လျှင် ပတ္တမြားဆက်သည် ဘာတစ်ခုမှသောက်သုံးကျသည့်အရာမရှိသော လူတစ်ယောက်ပင် ။
မိမိအပေါ်အချစ်ပိုခဲ့သည့်လူတွေကို အထင်တွေလွဲကာ မချေမငံတွေဆက်ဆံခဲ့သည် ။
စဉ်းစားရင်း ကိုယ့်ကိုယ်ကိုယ်ဒေါသတွေထွက်လာသည် ။ ဒေါသတွေကိုဖြေဖျောက်ပစ်ခွင့်မရှိတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွေကျလာသည် ။ လက်ဖမိုးပေါ်မှာထိုးစိုက်ထားသောအပ်ထဲတွင် သွေးနီနီတွေဝင်ရောက်ကုန်၏ ။
