" ချမ်း... ''
သူမနှုတ်ကနေ အမည်နာမတစ်ခုကို ရွတ်ဆိုမိသွားသည် ။ ထိုနောက်ကျောပိုင်ရှင်သည် သူမရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်နှင့်ဆင်တူနေ၏ ။ ဆံပင်ရှည်လေးတွေကလွဲရင် မြန်မာဝတ်စုံလေးရော... ခန္ဓာကိုယ်သွယ်သွယ်လေးရောက..
သေချာပါသည်... ။" ချမ်းမြမြကို... ''
နာမည်ကိုအပြည့်အစုံခေါ်လိုက်တော့မှ သူမက လှည့်ကြည့်လာ၏ ။ သူမ၏ ချမ်း... ။ နဖူးပေါ် မျက်ခုံးနားထိ ဆံနွယ်လေးတွေ...။ မျက်ခုံးတန်းတန်းလေးတွေ ၊ နှာတံစင်းစင်းလေး နှုတ်ခမ်းဖူးဖူးလေးနှင့် ... သူမ၏ ချမ်း ။
ဆက် သတိလက်လွတ်ငေးကြည့်နေမိသည် ။ မကြာသေးမီအချိန်ကအထိ ရင်ဘတ်ထဲမှာ အစိုင်အခဲပေါင်းများစွာနှင့် မုန်းတီးနေသည်ဟုထင်ခဲ့ရသော ချမ်းကို အခုလိုမြင်လိုက်ရပြန်တော့ သူမရင်ထဲမှာမုန်းတီးမှုက ဗလာနတ္ထိ ။
" နင့်အသိလား ချမ်း...''
သူမဘေးက အစ်မနှစ်ယောက်ထဲက တစ်ယောက်ကမေးလိုက်ခြင်း ။ သို့သော် ဆက် ဒေါသမျက်လုံးများဖြင့် ပြန်ကြည့်နေမိသည် ။ ချမ်း ချမ်းတဲ့လား ။ အရင်က ဆက်တစ်ယောက်ဘဲ ဒီနာမည်ကို ခေါ်စေရမယ်ဆို ။ အခုတော့ သူငယ်ချင်းတွေကအစ အဲ့လိုခေါ်နေပြီပေါ့ ။ ဟုတ်သလား ချမ်း ။
သူမရင်ထဲမှာ မေးစရာတွေအများကြီးရှိသည် ။ မေးလည်းမေးချင်သည် ။ သို့သော် ချမ်းကအခုထိ သူမကိုကြောင်ကြည့်နေတုန်း ။ မမှတ်မိတာလား...
မဖြစ်နိုင်တာ.... ။ ငါဘယ်လောက်မှရုပ်ပြောင်းမသွားဘဲနဲ့... ။" ဘယ်သူလဲ မသိဘူး... ''
နောက်ဆုံးတော့ သူမဆီက စကားသံကြားရသည် ။ သို့သော် နားထောင်၍ကောင်းသော စကားတော့ မဟုတ်ခဲ့ ။
" ဆက် ကို မသိဘူးလား ချမ်း ''
မယုံကြည်နိုင်စွာဘဲ ရေရွတ်မိသည် ။ သူမခေါ်နေကျနာမည်လေးပြောတာတောင် မမှတ်မိဘူးဆိုရင် ချမ်းသိပ်ကိုလွန်သွားလေပြီ ။ နှစ်တိုတိုလေးအတွင်းမှာ လူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ... ။ ပြီးတော့ သူတို့နှစ်ယောက်သည် သိပ်ချစ်ခဲ့ကြသော လူသားနှစ်ဦးမဟုတ်ပါလား ။