" အခု ဦးမင်းလွင် ဘယ်မှာရှိနေတယ်ဆိုတာ ကျွန်မကိုပြောပြဖို့သင့်ပြီ ဦးတေဇာ ''တေးဂီတသံတိုးတိုးလေး ဖုံးလွှမ်းနေသော ကော်ဖီဆိုင်တစ်ဆိုင်မှာ ဒေါ်မိမိတာ၏အသံက မတိုးမကျယ်ထွက်ပေါ်လာ၏ ။
သူမအသံတွင် တိကျခြင်း ၊ ပြတ်သားခြင်း ၊ ရဲရင့်ခြင်းတို့ဖုံးလွှမ်းနေသည်ဟု သိသာနေ၏ ။ သူမ၏ရင်တွင်းကိုဖောက်ထွင်းမြင်ရပါမူ အရာရာကို သမီးဇောဖြင့် အားတင်းထားသည်ကိုပါ မြင်နေရပေမည် ။
" ပထမဆုံး ကျွန်တော်တောင်းပန်ချင်ပါတယ် မမတာ...''
တစ်ချိန်လုံး ခေါင်းငုံ့ကာထိုင်နေသော ဦးတေဇာအမည်ခံလူတစ်ယောက်ဆီက ပထမဆုံးသောစကားတစ်ခွန်း...
" ကျွန်တော့ကြောင့် မမတာတို့မိသားစုအပြင် ဆရာပါ ဒုက္ခတွေရောက်ခဲ့ရတယ်... သောကတွေနဲ့ရှင်သန်ခဲ့ကြရတယ်... ပတ္တမြားဆက်လေးရဲ့ ရင်ထဲမှာလဲ အမုန်းတွေနဲ့ကြီးပြင်းခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်... ''
" ပြီးခဲ့တာတွေကိုပြန်မပြောချင်ဘူး ဦးတေဇာ...
အခုကျွန်မသိချင်တာက သမီးလေးတစ်နေ့အကြောင်းစုံကို သိသွားတဲ့အချိန် သူ့အဖေဘယ်မှာလဲဆိုတာကိုဘဲ ကျွန်မသိချင်တာ... ''သူမမျက်နှာသည် တင်းမာနေ၏ ။ ခက်ထန်နေ၏ ။ မခံချင်စိတ်များစွာ ပြည့်နှက်နေသည် ။ စိတ်ခံစားချက်ပြင်းထန်နေသောကြောင့် နဂိုဖြူဖွေးဖွေးမျက်နှာမှာ နီရဲနေ၏ ။
" ဆရာအခု ပြင်ဦးလွင်မှာရှိပါတယ်... သူအခု ဆေးရုံကြီးမှာ ဆေးရုံအုပ်အဖြစ် တာဝန်ကျနေတယ် ''
" အရင်လို အလှူအတန်းတွေရော လုပ်နေတုန်းဘဲလား... သူကတော့လိုအပ်လို့လှူတယ်ဆိုပေမယ့် ကျွန်မတို့မိသားစုလို မီးတောက်တွေကြားမှာရှင်သန်နေခဲ့ရတဲ့အဖြစ်မျိုးလည်း ရှိပါတယ်ဆိုတာကို ရှင့်ဆရာသိအောင် ပြောပြလိုက်ပါဦးတေဇာ... ရှင့်ရဲ့ယုတ်မာမှုတွေကိုလည်းလူသိရှင်ကြားအရှက်ခွဲပစ်လိုက်ချင်ပေမယ့် လောကကြီးထဲမှာရှင်သန်ရဦးမယ့် ကျွန်မသမီးလေးအတွက်စဉ်းစားပြီး ကျွန်မဘဲနာကြည်းမှုတွေနဲ့ ရှင်သန်လိုက်မယ်...ဒီနေ့ကစပြီး ရှင့်ကိုတွေ့စရာအကြောင်း လုံးဝမရှိတော့ဘူးဆိုတာ ရှင်သိထားလိုက်ပါဦးတေဇာ... ''