ဆက်တို့စာသင်နေသော အခန်းထဲသို့ စီနီယာ အစ်ကိုအစ်မအချို့ဝင်လာကြသည် ။ သင်နေသောဆရာမက စည်းကမ်းကြီးလွန်းသည်ဟု သတင်းမွှေးသော ဒေါက်တာတစ်ယောက်အချိန်မို့ ဆက်တို့ first year လေးတွေ ခေါင်းထောင်သွားကြသော်လည်း အစ်ကို အစ်မတွေကတော့ ပြုံးပြုံးရွှင်ရွှင်ပင် ။
" သားတို့ welcome ပွဲ အတွက် ကလေးတွေကို စာရင်းကောက်ချင်လို့ပါတီချယ်... ''
ခေါင်းဆောင်ဖြစ်ဟန်တူသော အစ်ကိုတစ်ယောက်ကပြောလိုက်တော့ တီချယ်က စိတ်ပျက်သွားဟန်တူသည် ။ မျက်နှာလေးက မသိမသာမဲ့သွား၏ ။ ဆရာမတွေ၏ စာသင်လောဘကြီးပုံကို ကိုယ်တိုင်ဆရာမတစ်ယောက်ဖြစ်လာမှသာ နားလည်နိုင်လိမ့်မည် ။ ဆက်တို့လို ကျောင်းသားထုကြီးအတွက်ကား စာဟူသည် ကြာလေပျင်းဖို့ကောင်းလေပင် ။
" ဟုတ်ပြီလေ.. မင်းတို့လေးတွေလဲ ဒီတစ်ချိန်ဘဲပျော်ရမှာဆိုတော့... ကောင်းကောင်းပျော်ထားကြပေါ့... ''
ဆရာမ၏ တေးမှတ်ထားသလိုလိုပြောသံက ကျောင်းသားတွေကိုကျောချမ်းသွားစေသည် ။ အစ်ကိုအစ်မတွေကတော့ ပြုံးပြုံးကြီးတွေဖြင့်သာ ။
ဆက်ကတော့ ဒါတွေကိုလည်းဂရုမထားနိုင် ။ တစ်ယောက်သောသူကိုသာရှာဖွေနေမိသည် ။ သူနှင့်ဆုံလိုက်ရတိုင်း ဆက်အတွက် မေးစရာတွေ တစ်ပုံတစ်ပင်နှင့်ကျန်ခဲ့ရသည် ။ ပဟေဠိများနှင့်မိန်းကလေးတစ်ယောက်... ။ သို့သော်ပဟေဠိတွေက ဆက်အတွက် အရေးပါနေသောအခါ...
" ညီမလေး... ''
အတွေးတွေက တစ်ယောက်ယောက်၏အသံကြောင့်လွင့်ပျယ်ကုန်ရသည် ။ စီနီယာအစ်မတစ်ယောက်က သူမရှေ့တွင်ရပ်နေ၏ ။
" ညီမလေးနာမည်ပြောဦး.. ''
" ပတ္တမြားဆက် ပါ... ''
သူမကြောင်အအနှင့်ပြောလိုက်တော့ အစ်မက သူယူလာသည့်စာရွက်လေးပေါ် ချရေးနေပြန်သည် ။
