ညနေခင်း နေဝင်ရီတရောအချိန် စစ်သူကြီးယောင်းဂယ်၏ စခန်းတစ်နေရာတွင် ဖြစ်သည်။
"ကျွန်တော်တို့လူ တစ်သိန်းခွဲရဲ့ အများစုက စစ်မြေပြင်မှာ ကျရှုံးခဲ့တယ် အသက်ရှင်ကျန်ရစ်တာ တစ်သောင်းတောင် မရှိဘူး"
တပ်မူးတစ်ဦးမှ စစ်သူကြီးကို လျှောက်တင်နေခြင်း ဖြစ်သည်။ စစ်သူကြီးသည် မည်သည့်စကားမှ မိန့်ဆိုခြင်း မပြုပဲ သူ၏အရှေ့မှ ဖြတ်သွားသော စစ်သည်များကိုသာ မမိန့်မသုန် စိုက်ကြည့်နေသည်။
တိုက်ပွဲမှ အရေးနိမ့်ကာ ပြန်လာသော စစ်သည်များသည် ယိုင်နဲ့နဲ့ ခြေလှမ်း၊ မရွှင်လန်းသော မျက်နှာအနေအထားတို့ဖြင့် စခန်းအတွင်းသို့ လေးပင်စွာ စီတန်း ဝင်လာနေသည်။ သို့သော် ထိုအထဲတွင် တက်ကြွသော ခြေလှမ်း၊ အလျင်လိုနေဟန် ဟန်ပန်တို့ဖြင့် စစ်သည်တစ်ဦးသည် တစ်ခြား ဒဏ်ရာရ စစ်သည်တစ်ဦးကို ကျောပေါ်တင်ကာ ခပ်သွက်သွက်ပင် လျှောက်လာလေသည်။ နှုတ်မှလည်း တစ်စုံတစ်ခုကို ရေရွတ်လျက်
" အားတင်းထားနော် ရောက်တော့မယ်"
ထိုသူသည် တဖြည်းဖြည်းနှင့် စစ်သူကြီးယောင်းဂယ် ရပ်နေရာရှေ့သို့ ရောက်လာသည်။ ထိုသူကပင် စတင်၍"စစ်သူကြီး"
စက္ကန့်ပေါင်းများစွာ ကြာသည်အထိ စစ်သူကြီးဆီမှ ဘာတုန့်ပြန်မှုမှမရှိ။ နောက် သက်ပြင်းချသံ တစ်ခုနှင့်အတူ
"သူ့ကိုချလိုက်" စစ်သူကြီးဆီမှ မိန့်လာသည်။
"ရပါတယ်။ ကျွန်တော်သူ့ကို ရအောင်ပြန်ကယ်မှာပါ" မျှော်လင့်ချက် မရှိတော့တာ သိသာငြား သူလက်မလျှော့ချင်။ လက်မလျှော့နိုင်။ စောယူရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းလဲဆိုတာ ဆာမူအသိဆုံး။ ဒါပေမယ့် ... စောယူအသက်ပြန်ရှင်ဖို့ မျှော်လင့်ချက်က ဘယ်လောက်ပင် နည်းပါးနေသည် ဆိုစေဦး။ သူဆုပ်ကိုင်ထားမည် ဖြစ်ကြောင်း စစ်သူကြီး သိစေရန် သူ့ရင်ထဲမှ စကားကို တစ်ခွန်းချင်း ထုတ်ပြောမိသည်။
"သူသေသွားပြီ" စစ်သူကြီးဆီမှ စိတ်မကောင်းသံ ရောစွတ်နေသော စကားတစ်ခွန်း။ ဆာမူနောက်ကို အသာစောင်းငဲ့၍ သူ့ကျောပေါ်မှ စောယူကို ကြည့်မိသည်။ သူ့ပုခုံးနှင့် နီးကပ်လျက်ရှိသည့် စောယူ၏ ဝင်သက်ထွက်သက်သည် ပကတိ တိတ်ဆိတ်အေးငြိမ်းလျက်။ တွဲလွဲကျနေသည့် စောယူလက်တစ်လျှောက်မှ သွေးတို့ တတောက်တောက် ကျမြည်သံမှ လွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်လျက်။ ထိုစဉ် မဖိတ်ခေါ်ပါပဲ ဆာမူ၏ ပါးပြင်ပေါ်ထက် မျက်ရည်ပူတို့ တလိမ့်လိမ့် စီးဆင်းလာသည်။
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...