တောင်ကုန်းတစ်ခုပေါ်မှနေ၍ ဆာမူနောက်သို့ လှည့်ကြည့်မိသည်။ စစ်သူကြီးယောင်းဂယ်၏ တပ်မဟာသည် သူနှင့်ဆန့်ကျင်ဘက် ဦးတည်ရာသို့ တဖြည်းဖြည်းရွေ့လျားလျက် ရှိသည်။ မနေ့ညက စစ်သူကြီး၏ အမိန့်ကို လက်ခံရရှိလိုက်သည့်အတွက် ဆာမူသည် မြင်းတစ်ကောင်ဖြင့် တစ်ဦးတည်း အန်းရှီးခံတပ်သို့ ခရီးနှင်ရမည် ဖြစ်သည်။ စစ်သူကြီး ယောင်းဂယ်က စစ်သည်ပေါင်းများစွာထဲကမှ သူ့ကို ယုံကြည်စိတ်ချစွာ ပေးအပ်လိုက်သည့် တာဝန်ဖြစ်သည်မို့ ဆာမူအသက်နှင့်ရင်းကာ သစ္စာဆိုခဲ့သည်။ အကယ်၍ သူသာ ဒီတာဝန်ကို မအောင်မြင်ခဲ့လျှင် သူ့အသက်နှင့်ကိုယ် အိုးစားကွဲမည် ဖြစ်သည်။ အန်းရှီးအုပ်ချုပ်ရေးမှူးကို လုပ်ကြံသူသည် အသက်ရှင်လျက် ပြန်လွတ်လာစရာ အကြောင်းမရှိ။ စစ်သူကြီးနှင့် သူ၏တပ်မဟာ ခပ်ဝေးဝေးရောက်သွားသည်အထိ ဆာမူငေးကြည့်ပြီးနောက် မြင်းကိုလှည့်ကာ သူ၏ အရေးတော်ပုံခရီးကို စတင်နှင်လိုက်သည်။
တော်ကုန်းလျှိုမြောင် အလီလီဖြစ်သန်းပြီးနောက် အသူရာနေမင်းကြီးက အိပ်စက်ဖို့ပြင်နေသည်မို့ ဆာမူသည်လည်း ညတစ်ရေးအိပ်စရာ နေရာ ရှာရသည်။ ညဘက်ကြီး သူခရီးမဆက်ချင်။ အန္တရာယ် များလွန်းလှသည်။ သစ်ရွက်ခြောက်သစ်ကိုင်းခြောက်များကို ရှာ၍ သူမီးဖိုလိုက်သည်။ တစ်နေကုန်ခရီးနှင်လာရ၍ ပင်ပန်းမှုကို အတော်အတန်ခံစားနေရာသော်လည်း သူမအိပ်နိုင်။ စစ်သူကြီးပေးလိုက်သည့် ဓားမြောင်ကို ဓားအိမ်မှ ထုတ်ကာ မြတ်နိုးတန်ဖိုးထားစွာ ပွတ်သပ်ကြည့်မိသည်။ ဓားမှာ မီးရောင်ကြောင့် တလက်လက် တောက်ပလျက်ရှိသည်။ စစ်သူကြီး၏ အမိန့်စကားတို့ကိုလည်း သူ ပြန်လည်ကြားယောင်ူနေမိသည်။ ထိုစဉ် လေလှိုင်းထဲမှ တိုးတိုးသဲ့သဲ့ အသံကြားလိုက်ရ၍ ပါးနှပ်လှသော ဆာမူတစ်ယောက် သတိအနေအထားကို ချက်ချင်းပြောင်းလဲကာ သစ်ပင်ကြီး၏ အကွယ်တွင် နေရာယူလိုက်သည်။ ထို့နောက်အသံကြားရာဘက်သို့ ချောင်းမြောင်း ကြည့်လိုက်၏။
တွေ့ပါပြီ။ မြင်းနှစ်ကောင်၏ ဇာက်ကြိုးကို ဆွဲကာ သူရှိနေသော နေရာဘက်ဦးတည်လာနေသော ချပ်ဝတ်စုံဝတ် စစ်သည်နှစ်ယောက်။ အခြေအနေက ဘာမှန်းမသိရသေးခင် သူပုန်းကွယ်နေသော သစ်ပင်နားသို့ တဖြည်းဖြည်း နီးကပ်လာသည်မို့ ဆာမူ သစ်ပင်အနောက်မှ ထွက်ကာ ထိုသူတို့ ရှေ့တည့်တည့် ရပ်လိုက်၏။ သူ့လက်ထဲတွင်လည်း ဓားအိမ်မှ ဓားရှည်ကို ထုတ်ယူကာ ချိန်ထားပြီး ဖြစ်သည်။ ဆာမူ တစ်လုံးချင်း မေးခွန်းထုတ်လိုက်သည်။
YOU ARE READING
Great Battle
Historical Fictionအန်းရှီးရဲ့ ကံကြမ္မာတင် မကပါဘူး အုပ်ချုပ်ရေးမှူးရဲ့ ကံကြမ္မာကိုပါ ဝေမျှချင်တာပါ ............. Started Date: 17/Dec/2018 ကိုယ့်ရဲ့ ပထမဆုံးပါ။ လိုအပ်ချက်တွေ အများကြီး ရှိမယ်မှန်း သိပေမယ့် ဒီ bromance လေးကို ကိုယ်သဘောကျလွန်းလို့ ချရေးမိလိုက်တာပါ။ အများကြ...