(Zawgyi)
"ဘယ်နည်းနဲ့ သေချင်လဲ"
"အမ် ဘာ"
အခု ကျွန်တော့်ကို ဘာပြောလိုက်တာ?
မဟုတ်မှ??
ကျွန်တော် အထိတ်တလန့်နဲ့ ခြေလှမ်းတွေနောက်ဆုတ်မိသွားတယ်။ အခု ရှေ့ကလူက ကျွန်တော့်ကိုသတ်ဖို့လုပ်နေတာလား။ အဲဒါကြောင့် မစာမနာ ဘယ်နည်းနဲ့သေချင်လဲ မေးနေတာလား။
ကျွန်တော် နေရာက အခုချက်ချင်းထွက်ပြေးချင်ပေမယ့် ခြေထောက်တွေကလှုပ်မရဘူး။ တစ်ကိုယ်လုံးတုန်ခိုက်နေတယ်။
ကိုယ့်ကိုကောင်းကောင်းထား ကောင်းကောင်းကျွေးတယ်ဆိုပြီး စိတ်အေးလာသမျှ အခုတော့ ဝက်ခြံထဲကဝက်လိုအသတ်ခံရတော့မယ်။
"ကားမှောက်တာ ရေနစ်တာ မီးလောင်တာ ကြိုက်တာရွေး။ တစ်ခြားနည်းမရှိဘူး။ အလောင်းက စုတ်ပြတ်နေမှဖြစ်မယ်"
နားထဲကို ချိန်းဆောနဲ့ထိုးဖြတ်နေသလိုပဲ။ ကျွန်တော့်တစ်ကိုယ်လုံး ရေခဲရိုက်ထားသလို အေးတောင့်လာတယ်။ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ပြီး အသိစိတ်မလွတ်သွားအောင်ထိန်းနေရတယ်။
ကျွန်တော်နဲ့သူက ဘာအငြိုးအတေးတွေရှိလို့ ဒီလောက်ရက်ရက်စက်စက်သတ်ချင်ရတာလဲ။
"မင်းရဲ့အေဂျင်စီက မင်းပျောက်ဆုံးမှုအတွက် အကြောင်းပြချက်တစ်ခုလိုနေတယ်။ အဲဒီအတွက် သေမှုသေခင်းတစ်ခုဖန်တီးမှရမယ်။ ဘယ်သူမှ မမှတ်မိမယ့် မင်းရဲ့အလောင်းကိုလိုအပ်တယ်။ ပြော ဘယ်နည်း သဘောကျလဲ"
ဒီလူဟာ လူမှဟုတ်ရဲ့လား?
ဘယ်လိုစိတ်နဲ့ လူတစ်ယောက်ကို သေဖို့နည်းရွေးခိုင်း....နေဦး!!
အေဂျင်စီက ဘာ?
"အ အကြောင်းပြချက်"
"အခုမင်းပျောက်နေတဲ့ရက်တွေမှာ မင်းရဲ့ဖန်ဆိုတဲ့ဟာတွေက သောင်းကျန်းနေတယ်ပြောတယ်။ အဲဒီအတွက် မင်းရဲ့အေဂျင်စီက ဖြေရှင်းဖို့လိုနေတယ်"