(Zawgyi)
ခင်ဗျားတို့ မနေ့ညကပဲကိုယ့်အိမ်မှာနေတာအကောင်း မနက်ကျမှ သူများအိမ် သူများအိပ်ယာပေါ်မှာ ဗြုန်းစားကြီးနိုးလာရတဲ့အဖြစ်မျိုးကြုံဖူးလား?
ကျွန်တော်ကတော့ ကြုံဖူးတယ်!
ခင်ဗျားတို့သာ ကျွန်တော့်နေရာမှာဆိုရင် ဘယ်လိုတွေးမလဲ?
ငါ ဘယ်ရောက်နေတာလဲ?
အိမ်မက်များမက်နေတာလား?
ဘာညာပေါ့။
ကျွန်တော့်အတွက်တော့ မေးခွန်းထုတ်စရာမလိုဘူး။
တစ်ခုထဲပဲ။
'ပြန်ပေးဆွဲခံရတာ'
ကျွန်တော်က နိုင်ငံရေးသမားတစ်ယောက်မဟုတ်သလို ကျိကျိတက်ချမ်းသာတဲ့သူဋ္ဌေးတစ်ဦးလည်းမဟုတ်ဘူး။
ဒါပေမယ့် နာမည်ကြီးအနုပညာရှင်တစ်ယောက်အနေနဲ့ ဒီလိုအဖြစ်မျိုးကြုံရတာ ထူးဆန်းတယ်လို့လည်းဆိုလို့မရပြန်ဘူး။
သူတို့ကျွန်တော်ဆီက လိုချင်တာဘာများဖြစ်နိုင်မလဲ?
ငွေကြေး?
ပိုင်ဆိုင်မှု?
အောင်မြင်မှု?
အစွန်ဆုံး ကျွန်တော်ရဲ့ချောမောခန့်ညားမှု!
အခုတော့ဗျာ ထင်ထားတာနဲ့တက်တက်စင်လွဲ ခေါ်ချင်လို့ခေါ်လာတာဆိုပဲ!
ဘယ်လောက် မခံချိမခံသာဖြစ်ရသလဲ!
အခု ကျွန်တော် ဘန်ကောက်နဲ့မိုင်ပေါင်းများစွာဝေးတဲ့ တောလိုလိုတောင်လိုလိုနေရာက စံအိမ်အကြီးကြီးထဲမှာရောက်နေတယ်။ ပိုပြီးရှင်းရှင်းပြောရရင် ကျွန်တော့်ကိုမေ့ဆေးအုပ်ဖမ်းခေါ်လာခိုင်းတဲ့ တရားခံရဲ့ရှေ့မှာထိုင်နေတယ်။
ကျွန်တော် ရှေ့က မုတ်ဆိတ်မွေးထူလပျစ်နဲ့လူကိုကြည့်ပြီး ကျောထဲစိမ့်လာတယ်။ စကားတစ်ခွန်းမှမပြောပဲ ကျွန်တော့်ကိုသရဲသဘက်စီးနေတဲ့အကြည့်နဲ့စိုက်ကြည့်နေတာ။ ပုံစံက မာဖီးယားဂိုဏ်ခေါင်းဆောင်လိုပဲ။ အနားမှာ မတ်တတ်ရပ်နေတဲ့ အတွင်းရေးမှူးဆိုတဲ့သူက ကျွန်တော့်ကိုအလိုမတူပဲ ခေါ်လာခဲ့တဲ့အတွက်တောင်းပန်တယ်ဆိုတဲ့အကြောင်းပြောတယ်။