(Zawgyi)
သူနဲ့ ခေါင်းပေါင်းနဲ့လူကြီးစကားပြောနေကြတဲ့အချိန်မှာ ကျွန်တော်ကတည်ခင်းပေးထားတဲ့ (ကောက်ညှင်းနဲ့လုပ်ထားတဲ့) သရေစာတွေနဲ့ ကွပ်ပျစ်ပေါ်မှာငုတ်တုတ်ကလေး။
သူတို့ပြောနေတာတွေလည်း တစ်လုံးမှနားမလည်တော့ ကိုယ့်ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့လူတွေကြားထဲ မျက်စိသူငယ်နားသူငယ်။
အတွင်းရေးမှူးကသူ့သခင်ကြီးနားမှာရပ်နေပြီး ကျန်တဲ့အစောင့်နှစ်ယောက်က ကျွန်တော့်နားမှာကျောက်ရုပ်တွေချထားသလိုမားမားကြီးရပ်နေကြတယ်။ ထိုင်လည်းမထိုင်။ ဧည့်ခံထားတဲ့မုန့်တွေလည်း တစ်ခုမှမစား။
အခြေအနေအရ အငြိမ်မနေတတ်တဲ့ကျွန်တော် ပျင်းလာတယ်။ ဖြစ်နိုင်ရင်ဒီခြံကြီးထဲမနေပဲ လျှောက်သွားကြည့်ချင်တယ်။ ခုနကကျော်ဖြတ်လာခဲ့တဲ့ရိုးပြတ်လယ်တွေဘေးက ချောင်းဘေးနားကိုပဲဖြစ်ဖြစ်သွားရရင်ကောင်းမယ်။ အဲဒီချောင်းရေကြည်ကြည်အောက်က ကျောက်တုံးတွေပေါ်များ နင်းလျှောက်လိုက်ရရင်။
ခဏကြာတော့ သူတို့စကားဝိုင်းကရပ်သွားတယ်။ ပြီးတော့ ခြံနောက်ကစက်သံတဒိုင်းဒိုင်းနဲ့ အလုပ်ရှုပ်နေတဲ့လူတွေဆီသွားကြပြန်တယ်။ ကျွန်တော်ကတော့အစောင့်နှစ်ယောက်နဲ့နေရာတင်ကျန်ခဲ့လေရဲ့။ ဘယ်သူမှအရေးတယူမခေါ်မှတော့ ဘာလိုက်လုပ်ရမှာလဲ။
တဖြည်းဖြည်းကျွန်တော် နေရခက်လာပြီ။ ဒီနေရာမှာ မဝင်ဆန့်သလိုပဲ။ ဟိုလူကြီးကလည်း ဘာကိစ္စဒီခေါ်လာတယ်မသိ။ ခေါ်လာပြီးရင်လည်း တာဝန်ယူရမှာပေါ့။ ကျွန်တော့်ကို ဝစီပိတ်ကျင့်နေတဲ့ကျောက်ရုပ်ကြီးတွေနဲ့ ဒီတိုင်းပစ်ထားစရာလား။
ကျွန်တော့်စိတ်ထဲပေါက်ကွဲနေပေမယ့် မျက်နှာမှာတော့ဘာခံစားချက်မှမပေါ်ဘူး။ ဟန်ကိုယ့်ဖို့ပဲ။ သူစိမ်းတွေကြားထဲအားငယ်နေတဲ့ပုံစံကို ဘာလို့ပြရမှာလဲ။ ခပ်တည်တည်ပဲခြေချိတ်ထိုင်ပြီး စောင့်နေလိုက်တယ်။ အစောင့်နှစ်ယောက်အလယ်မှာ မေးကိုမော့ခြေချိတ်ထိုင်နေတဲ့ ကျွန်တော့်ပုံစံက မြေရှင်သူဋ္ဌေးထက်ရင့်တဲ့မျက်နှာနဲ့။