သင်၏သစ္စာမရှိသော(ကျော်အောင်)

134 4 2
                                    

|ကျော်အောင်|
[သင်၏သစ္စာမရှိသော]
နည်းနည်းတော့ ကြောင်တောင်တောင်နိုင်စေမယ့် ဝတ္ထုမျိုးပဲ ... မူရင်း စာရေးသူ တော်လစတွိုင်း ရဲ့ အယူအဆ တွေက လူတော်တော်များများရဲ့ အမြင်မှာ ကသိကအောက်နိုင်စရာ ကြီးဖြစ်နေလိမ့်မယ်... အဲ့လူအများကြီးထဲ ကိုယ်တိုင်တောင် ပါဝင်နိုင်သေးတယ်... သေချာတာက တော့ သူ့အယူအဆတွေကို လူတွေကနားလည်လက်ခံနိုင်ဖို့ အတော့်ကို လိုပါသေးတယ်...ဒါမှမဟုတ် ဘယ်တော့မှ လက်မခံကြမှာလည်း ဖြစ်နိုင်တယ်... ဒီဝတ္ထုအရ တစ်ခါတစ်လေ လည်း သူဘာကို ဆိုလိုချင်လဲ လွယ်လွယ်ပဲ နားလည်တယ်... တခါတလေ ကျတော့ ဘာကိုဆိုလို ချင်မှန်းကို နားမလည်တာ... အဲ ... အကုန်ခြုံကြည့်ရင်တော့ သူ က မိန်းမတွေကို နှိပ်ကွပ် ချင်တဲ့ လူလို့ပဲ မြင်ရတယ်... မိန်းမတွေအပေါ် အမြင်ကျဉ်းမြောင်းတဲ့ သူပေါ့ ... ဒါကလည်း သူ့ ဘဝမှာ ကြုံတွေ့ဖူး တဲ့ အတွေ့အကြုံအရလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်...
Okay ဝတ္ထုအကြောင်းပြောမယ်... ယေဘုယျအားဖြင့် ၂ပိုင်း ခွဲလို့ရမယ်ကွာ... ရထားပေါ် လူတစ်စု စကားဝိုင်းဖွဲ့ပြောကြတဲ့ အပိုင်း... နောက် အဓိကဇာတ်ဆောင် ပေါဇညီရှက် က သူ့ရဲ့ အိမ်ထောင်ရေးအကြောင်း ကို ပြောပြတဲ့ အပိုင်း...
ပထမ ပိုင်းက နည်းနည်း နားလည်ရခက်တယ်... သူတို့ပြောတဲ့ စကားတွေကို ကိုယ်ဥာဏ်မမီတာ လည်း ပါတယ်... ပြောကြတဲ့ စကားတွေကတော့ မိန်းမတွေရဲ့ ကောင်းခြင်းဆိုးခြင်းတွေအကြောင်းအသားပေး ပါပဲ... ဒုတိယပိုင်း ... ဒါကမှ ဇာတ်လမ်းလို့ ယူဆလို့ရတယ်... အမျိုးသမီးကို သဝန်ကြောင်လွန်းပြီး သဝန်ကြောင်တာကို ထုတ်မပြ မာနကလည်း ရှိနေသေးတော့ မြုံနေ... မြုံတာ များလာတော့ နောက်ဆုံး ပေါက်ကွဲ ထွက်ကုန်ပြီး ကိုယ့်ဇနီးကိုယ် သတ်မိတာပဲ... သူ့ဇနီးက သူစွပ်စွဲသလို ဂီတဆရာနဲ့ ဖောက်ပြန်တာလည်း ဖြစ်ချင်ဖြစ်မယ်... မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့ ... ပွင့်ပွင့်လင်းလင်း မရှိကြလို့ ဒီလိုပြဿနာဖြစ်တယ်ပဲ မြင်တယ်... အဲ ... ဒါကတော့ ကိုယ့်ရဲ့မတောက်တခေါက်အတွေးပါ... ပြီးတော့ အဲ့ဒီ ဇာတ်ဆောင်ဦးလေးကြီးက တအားအတွေးများပြီး အားအားနေ ဇနီးကို မကောင်းချည်း မြင်နေတယ်လို့ လဲ မြင်ရသေးတယ်... ကိုယ်လည်း မိန်းကလေးဆိုတော့ကား ဒီလိုမြင်မိတာပါ... အိမ်ထောင်မှု တစ်ခု စတည်ကတည်းက အဆင်ပြေမနေကြဘူး... အဲ့လိုဆိုပြန်တော့လည်း သူတို့ ၂ယောက်စလုံးက အဆင်ပြေအောင် ညှိယူခြင်းတွေလည်း မတွေ့ရဘူး... သားသမီး ၅ယောက်ဆိုတာ နည်းတဲ့အရေအတွက်တော့ မဟုတ်ဘူး... ဒါတောင် တကျက်ကျက်နဲ့ အဆင်မပြေကြဘူး ဆိုတာ စိတ်ပျက်စရာတော့ နည်းနည်းကောင်းတယ်... ဇနီးသည်က သားသမီးတွေအတွက် စိုးရိမ်တော့လည်း စိုးရိမ်နေတာပဲလို့ ငြူစူသလိုပြောတယ်... မစိုးရိမ် ပြန်တော့ မစိုးရိမ်ဘူး ပြောပြန်တယ်... တနေ့တခြား လှလာတဲ့ ဇနီးသည်ကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘဲ သဝန်ချည်း တိုနေပြီး မာနတစ်ခွဲသားနဲ့ စိတ်ကို ထုတ်မပြခြင်းက သူကိုယ်တိုင် ဂီတဆရာ ဆီ တွန်းပို့နေတာပဲ...ဇနီးသည် ကို သတ်လိုက်တဲ့ အခန်းကတော့ ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ပဲ... သူ့စိတ်ထဲ ထင်ရာမြင်ရာတွေနဲ့ စိတ်မထိန်းနိုင်ပဲ တမင်သတ်ချင်လို့ သတ်တဲ့ အခန်းပေါ့... စိတ်ထိန်းလည်း မထိန်းနိုင်ဘူး ဒါပေမယ့် သိရက်သားနဲ့ တမင်သတ်လို့ အဲ့လိုပြောတာ...
အကုန်ခြုံလိုက်ရင်တော့ သူ့အမှားလည်း မကင်းတဲ့ အိမ်ထောင်ရေးတစ်ခုကြောင့် မိန်းမတွေကို အချိန်ပြည့် နှိပ်ကွပ် အချစ်ဆိုတာ ဘယ်လို အဓိပ္ပါယ်မှ မရှိဘူး ထိုင်အော်နေတဲ့ ဦးလေးကြီးတယောက်ရဲ့ ရှုပ်ထွေးခြင်းတွေပါပဲ... နားမလည်နိုင်ခြင်းတွေ ရရှိကြမှာပါ...
#Opinion_and_Review
#Honey
#YK


#ကျော်အောင်#သင်၏သစ္စာမရှိသော
#ဘာသာပြန်
#မူရင်း#Leo Tolstoy#The Kreutza Sonata

ကမ္ဘာကျော် ၀တ္ထုတပုဒ်ဖြစ်သည့် စစ်နှင့် ငြိမ်းချမ်းရေးကို ရေးခဲ့သည့် ကမ္ဘာကျော်ရုရှားစာရေးဆရာ Leo Tolstoy ရေးသည့် ၀တ္ထုတပုဒ်ဖြစ်သည့် The Kreutza Sonataကို ဆရာကျော်အောင် က သင်၏သစ္စာမရှိသော ဟူ၍မြန်မာဘာသာပြန်ထားသည့် ဘာသာပြန် ၀တ္ထုတပုဒ်ဖြစ်သည်။ ၀တ္ထုတပုဒ်လုံးမှာ လွန်ခဲ့သောနှစ်၁၃၀ကျော်က ရုရှားနိုင်ငံကိုအခြေခံပြီး စာရေးဆရာ Leo Tolstoyကသူ့အမြင်သူ့အတွေးများစွာဖြင့်ရေးသားထားပါသည်။ ထိုခေတ်ကလည်း ထိုဝတ္ထုတွင် ရေးသားထားသည့်အတွေးအမြင်ကို လူတော်တော်များများကမကြိုက်ကြပါ။ အချစ်နှင့်အိမ်ထောင်ရေး အကြောင်း အတွေးအမြင်တို့မှာ ထိုခေတ်အနေနှင့်ကြည့်လျှင် အလွန်ရှေ့ရောက်လွန်းသည်။ လက်မခံနိုင်စရာတွေကများလေသည်။ ထိုဝတ္ထုမှ အိမ်ထောင်ရေးအပေါ်အတွေးအမြင်၊ ချစ်ခြင်းမေတ္တာအတွေးအမြင်၊ မိန်းမသားတို့အပေါ် မြင်ကြသည့်အတွေးအမြင် တို့သည် မြန်မာ တို့ (၂၀၀၀ခုနှစ်မတိုင်ခင်အထိဆိုလျှင်)အတွေးအမြင်အနေဖြင့်ဆို လက်ခံရခက်သည့် အနေအထားမျိုးဖြစ်ပေသည်။ အခုနောက်ပိုင်းတွင်တော့ သိပ်မပြောတတ်။ အိမ်ထောင်ရေးတို့၊ ချစ်ခြင်းမေတ္တာတို့အပေါ် အယူအဆ သဘောထားတို့သည် မြန်မာနိုင်ငံတွင်လည်း တချို့တွေ၏ခံယူချက်များ အရင်နှင့်မတူ ပြောင်းလဲလာသည်ကို တွေ့နေရသည်။ လူတိုင်းကိုတော့မဆိုလို။ တချို့တချို့ ခေတ်လွန်လွန်းသူများတွင်သာ ပြောင်းလဲကြီးပြောင်းလဲလာခြင်းပင်။ ၀တ္ထုထဲတွင် ထူးခြားသည့်အချက်တချက် ပျောက်ဆုံးနေသည်။
"နားလည်မှု"ဆိုသည့်အချက်ပင်။ အိမ်ထောင်တခု ဘ၀တခုစလိုက်ပြီဆိုသည်နှင့် သားနှင့်သမီး တို့နှင့်အတူ ပိုင်ဆိုင်လာရသည့်မိသားစုတစုမှာ အချင်းချင်း နားလည်မှု ဖေးမမှု တိုင်ပင်မှုဖြင့်သာ ဘ၀ကိုတည်ဆောက်သင့်ပေသည်။ သို့ပေမယ့် ၀တ္ထုထဲက မိသားစုမှာ လင်ကော မယားကော ဝေးကွာပြီး သံသယ တွေဖြင့်ခရီးဆက်နေကြခြင်းမှာ အပေါင်းဖက်ဦးမတည်တော့ဘဲ အနှုတ်ဖြင့်သွားနေသော ခရီးတခုဘ၀တခုဖြစ်နေပေပြီ။ သားသမီးငါးယောက် ထိရှိနေပြီပဲ။ ကိုယ့်အတ္တနှင့် ကိုယ့်သံသယဖြင့် ကိုယ့်အရိပ်မည်းကိုယ်ပြန်ခြောက်လန့်ပြီး အပြတ်ပြတ်နှင့်နှာခေါင်းသွေးထွက်ကြရသည်ထက်ဆိုးခဲ့ကြရလေသည်။ ဒေါသစိတ်သည် မောဟစိတ်လွှမ်းစေပြီး တဒင်္ဂအတွင်းပင် မိသားစုပြိုကွဲရလေသည်။ ခင်ပွန်းဖြစ်သူကော၊ဇနီးဖြစ်သူကော နှစ်ဖက်စလုံး ကြက်ခြေခတ်တွေနဲ့ သံသယတွေနဲ့ ဇာတ်လမ်းအဆုံးဟာ မလှမပဖြစ်ခဲ့ရလေသည်။

နှင်း
#ကျော်အောင်#သင်၏သစ္စာမရှိသော
#ဘာသာပြန်
#မူရင်း#Leo Tolstoy#The Kreutza Sonata
#14#Days#14#Books#Challenge
#21Apr2019

14 Days 14 Books ChallengeWhere stories live. Discover now