#မဖတ်ရ11

351 32 1
                                    

အိပ်မက်ဆိုး-၁

မနေ့ညက အိပ်မက်ဆိုးမက်တယ်၊ အိပ်မက်ထဲမှာ ကျုပ်က သိပ်လှနေခဲ့တာ၊ ခင်ဗျားကလည်း သိပ်ပြီး ခန့်ညားတာပါပဲ၊ ခင်ဗျားက စီးပွားရေးနဲ့ ပတ်သတ်တဲ့ အရာတွေကို ဆွေးနွေးနေတဲ့ မှန်ကာအခန်းထဲမှာ ရှိနေခဲ့တယ်၊ ကျုပ်ကတော့ အဲ့ဒီအခန်းအပြင်နားက စားပွဲလေးမှာ အရာမဝင်တဲ့လူလိုမျိုး ခင်ဗျားကို စောင့်ဆိုင်းနေခဲ့တယ်။ ခင်ဗျားတို့ ဆွေးနွေးနေတဲ့ အကြောင်းအရာကို ကျုပ်ကြားခွင့်မရပေမယ့် ကျုပ်သိနေခဲ့တယ်၊

ခင်ဗျားက သုံးဦးစပ် စားသောက်ဆိုင်တစ်ခုကို လေယာဉ်ကွင်းမှာ ဖွင့်မယ်တဲ့။ ခင်ဗျားပုံစံက ကျုပ်မျက်လုံးထဲမှာ ခန့်ညားပြီးသားမို့ မြင်တိုင်း ခန့်ညားနေတာ ပေမယ့် ခင်ဗျားက ရိုးရိုးကြီးပါပဲ၊ မရိုးနိုင်တဲ့ ရှပ်အင်္ကျီအစင်းနဲ့၊ ပုဆိုးနဲ့၊ ပုံတော်ဖိနပ်နဲ့၊ ဆံပင်တွေကို သေသေချာချာလေး လှန်ပြီးတော့ ဖြီးထားခဲ့တယ်၊ စီးကရက်ကတော့ လက်ထဲမှာ လက်ဆွဲတော်လိုမျိုး၊

ဆွေးနွေးလို့ ပြီးသွားတော့ မှန်ခန်းထဲကနေ ခင်ဗျားထွက်လာခဲ့တယ်၊ ဆေးလိပ်သောက်ဖို့ ပြင်လိုက်ပြီးမှ ကျုပ်ကို မြင်လိုက်တော့ ပြန်ချထားလိုက်တယ်၊ ပြီးတော့ တစ်ခွန်းမေးတယ်။ ~စောင့်နေရတာ ကြာသွားလားတဲ့~ ကျုပ် အသာလေး ခေါင်းယမ်းလိုက်တယ်။ အဲ့နေရာကနေ ခင်ဗျားနဲ့ကျုပ်က အတူတူ လမ်းလျှောက်ထွက်လာတယ်။

လက်မတွဲထားဘူး။ ပုခုံးမဖက်ထားခဲ့ဘူး။ ကျုပ် ခင်ဗျားကို ရယ်ပြတယ်။ ခင်ဗျား ခြေလှမ်းတွေ ရပ်သွားပြီး မေးတယ်။ ~ဘာဖြစ်နေတာလဲ၊ ဘယ်တစ်ခုက အဆင်မပြေတာလဲ~ တဲ့၊ ကျုပ် ဒုတိယအကြိမ် ခေါင်းယမ်းပြတယ်၊ ~မဟုတ်သေးဘူး၊ မင်းတစ်ခုခု အဆင်မပြေဖြစ်နေတာတဲ့~ ခင်ဗျားက အတိအကျ ဆိုတယ်၊

ဒီတစ်ခါမှာတော့ ကျုပ် ခေါင်းညိတ်ပြလိုက်တယ်။ ပြီးမှ ခင်ဗျားကြားလောက်တဲ့ လေသံနဲ့ပြောတယ်။ ~လမ်းခွဲရအောင်~ ကျုပ် ရုတ်တရက် ပြောလိုက်တဲ့ စကားကို ခင်ဗျားက တအံ့တသြနဲ့ ရုတ်တရက် အမ်းသွားတယ်၊ ကျုပ်က ဆက်ပြောတယ်၊ ~အင်း အဆင်မပြေဘူး၊ ခင်ဗျားအနားမှာ နေရတာ အဆင်မပြေတော့ဘူး~၊ ခင်ဗျားက နားမလည်သေးတဲ့ ပုံစံနဲ့ မေးလာတယ်။ ~ကို တစ်ခုခု လုပ်မိတာလား၊ မင်းလုံးဝ လက်မခံနိုင်တာမျိုး လုပ်မိတာလား၊ မဟုတ်သေးဘူး၊ မင်းကြိုပြောထားသမျှ ဘယ်တစ်ခုကိုမှ ကို မလုပ်မိသေးဘူးလို့ ကို ထင်တယ်၊ မဟုတ်ဘူး လုံးဝကို မလုပ်တာပါ~

~အင်း ခင်ဗျားဘာမှမလုပ်မိဘူး၊ ဒါပေမယ့် လမ်းခွဲရအောင်~ အဲ့နေရာမှာပဲ ကျုပ် ခင်ဗျားကို ကျောခိုင်းခဲ့တယ်၊ ရင်ထဲမှာ ဟာတာတာကြီးပဲ၊ ဘာကို ဘယ်လို ဆိုတာမျိုး မသိတော့မလိုမျိုး ဟာနေခဲ့တယ်၊ မငိုနိုင် မရယ်နိုင်တဲ့ ခံစားချက်မျိုးနဲ့၊

ကျုပ်နိုးလာတော့ ကိုယ့်ဖာသာ ပြန်မေးတယ်၊ ဘာလို့ လမ်းခွဲတာလဲလို့၊ ဒါပေမယ့် အဖြေက မရှိဘူး၊ ကျုပ်မသိဘူး၊ အိပ်မက်ထဲက ကျုပ်က ကျုပ်ဆိုပေမယ့် ကျုပ်မဟုတ်တဲ့အတိုင်းပဲ၊ ခင်ဗျားကို ဘာလို့ လမ်းခွဲလိုက်တာလဲ ဆိုတာကို အိပ်မက်ထဲက ကျုပ်ကို ကျုပ်လည်း နားမလည်နိုင်ဘူး၊ သူကတော့ တိတိကျကျ ခိုင်ခိုင်မာမာနဲ့ကို လမ်းခွဲပစ်လိုက်တာပဲ၊ သူတော်တော် ရက်စက်တာပဲ၊ နိုးလာပြီးတော့ ကျုပ် အတီးအတနဲ့ ဖြစ်နေခဲ့တယ်။ အိပ်မက်ထဲမှာ ကျုပ်က ခင်ဗျားကို လမ်းခွဲပစ်လိုက်တယ် ဆိုတာက ထူးဆန်းနေတယ်။ ဘာလို့မှန်းလဲ မသိဘူး။

@@@@@@@@@

မဖတ်ရ (Don"t Read It)Donde viven las historias. Descúbrelo ahora