#မဖတ်ရ12

323 29 0
                                    

အိပ်မက်ဆိုး-၂

ကျုပ်က အိမ်ငယ်လေးထဲမှာ ရှိနေခဲ့တာ၊ အိမ်ပတ်ပတ်လည်မှာ အပင်တွေအများကြီး ရှိတယ်။ ခြံဝန်းကြီးက အကျယ်ကြီးပဲ၊ ကားမောင်းဝင်လာလို့ ရတဲ့ လမ်းကြောင်းဟာ အဝင်ရယ် အထွက်ရယ် ဆိုပြီးတော့ နှစ်လမ်းရှိတယ်၊ အဲ့ဒီနှစ်လမ်းရဲ့ကြားမှာ ရေပန်းနဲ့ အသောကပင် ရှည်ရှည်တွေကို စိုက်ပျိုးထားခဲ့တာ၊ ဘေးပတ်ပတ်လည်မှာက သရက်ပင်တွေနဲ့၊ ကားလမ်းဟာ ခြံဝန်းတံခါးကနေ အိမ်ကို ရောက်လာဖို့ နီးမနေခဲ့ဘူး၊ အိမ်ပေါ်ကနေ ခြံဝန်းကို မြင်နိုင်ဖို့က အကွာအဝေးတစ်ခုစာလောက်ကို ရှိနေခဲ့တာ၊

အိပ်မက်ထဲမှာ ခင်ဗျားစီးနေကျ ကားက အဖြူမဟုတ်ဘူး။ အနီနဲ့အနက်ကို စပ်ထားတဲ့ အရောင်မျိုး ဖြစ်တယ်။ အဲ့ဒီကားက ခြံဝန်းနဲ့အိမ် အကွာအဝေး အလယ်က အသောကပင်တွေ စိုက်ပျိုးထားတဲ့ ရေပန်းနားမှာ ရပ်နေခဲ့တယ်။ ခင်ဗျားကားထဲမှာ ရှိနေတာကို ကျုပ်သိနေခဲ့တယ်။ ကားက ငြိမ်ငြိမ်သက်သက်လေးပဲ ရပ်ထားခဲ့တာ၊

ကျုပ် အိမ်ပေါ်ကနေ ကားဆီကို ငေးကြည့်နေခဲ့တယ်။ အိမ်က ဘယ်လိုကနေ စပြီးတော့ မီးလောင်တာလဲ မသိဘူး၊ မီးလောင်တယ်။ မီးက တဖြည်းဖြည်းနဲ့ ကြီးလာတယ်။ ကျုပ်ဘေးနားမှာ မီးတွေချည်းပဲ၊ ကျုပ်ကားဆီကို လက်လှမ်းပြီး ခေါ်နေမိတယ်။ ကားထဲမှာ ခင်ဗျားရှိတယ်လေ၊ ဒါပေမယ့် ကားတံခါးက မပွင့်လာဘူး။ ခြေတစ်လှမ်းမှ ကျမလာခဲ့ဘူး။ ကျုပ် မီးတွေထဲမှာ ခင်ဗျားကို အားကိုးတကြီးနဲ့ ခေါ်နေခဲ့တာ။

နောက်တော့ ရုတ်တရက် မီးက ငြိမ်းသွားခဲ့တယ်။ မီးတွေထဲကနေ ကျုပ်က လွတ်သွားတာလား ဘာလားတော့ မသေချာဘူး။ ဒါပေမယ့် မီးထဲက လွတ်တာနဲ့ ချက်ချင်းပဲ ကျုပ် ခင်ဗျားရှိနေတဲ့ ကားဆီကို အားကုန်ပြေးသွားတယ်။ ကားအနားကို ရောက်ပြီး မှန်ကနေ မြင်ရတဲ့ မြင်ကွင်းမှာ ကျုပ်ဟာ ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားမိတယ်။ ခင်ဗျားဟာ တခြားသော မိန်းကလေး တစ်ယောက်ကို နမ်းနေခဲ့တယ်။

ဒီမြင်ကွင်းဟာ ကျုပ်ကို မီးလောင်ပြင်ထဲကို ချက်ချင်းပဲ ပြန်သွားစေလိုခဲ့တယ်။ ကားမှန်ကို လက်နဲ့ ခေါက်ဖို့ ပြင်လိုက်တဲ့ လက်က တဖြည်းဖြည်းနဲ့ အောက်ကျသွားခဲ့တယ်။ ကျုပ် ဒီကားတံခါးကို မဖွင့်စေချင်တော့ဘူး။ ကျုပ် မီးလောင်ထားတဲ့ အိမ်ကို ငဲ့ကြည့်တယ်။ ဒါပေမယ့် ကျုပ် အမှန်တကယ်ပဲ မီးလောင်ပြင်လိုအိမ်ထဲကို ပြန်မဝင်လိုတော့ဘူး။

အဲ့ဒါနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကားဘေးနားကနေ ခြံဝန်းအပြင်ကို လမ်းလျှောက်သွားခဲ့တယ်။ ဖိနပ်လည်း မပါပေမယ့် ခြံဝန်းအပြင်ကို ရောက်မှ အေးချမ်းသွားတယ် ဆိုတဲ့ ခံစားမှုကို ရလိုက်တယ်။ ခင်ဗျားက ကျုပ် ခြံဝန်းအပြင်ကို ရောက်ကာမှ ကားထဲကနေ ပြေးဆင်းပြီး လိုက်လာတယ်။ ခင်ဗျားခြံဝန်းတံခါးကို ရောက်တဲ့အချိန်မှာပဲ ခြံဝန်းတံခါးဟာ ပိတ်သွားခဲ့တယ်။ ခင်ဗျားနဲ့ကျုပ်က ခြံဝန်းတံခါး ခြားနားသွားခဲ့တယ်။

ကျုပ် ခင်ဗျားကို ငေးကြည့်နေတယ်။ ဒါပေမယ့် ဒီခြံဝန်းကြီးထဲကိုတော့ ပြန်မဝင်ချင်တော့ဘူး၊ ခင်ဗျားကို လာခဲ့ပါလို့ ခေါ်ဖို့ကလည်း လက်မြောက်လို့ မရဘူး။ အိပ်မက်ဟာ သိပ်ပြီး ရင်နာဖို့ ကောင်းနေတယ်။ ဒါပေမယ့် ကျုပ် နားမလည်ဘူး။ ခင်ဗျားကို ဘာလို့ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတာလဲ ဆိုတာကို၊ အိပ်မက်ထဲက လူက ကျုပ်ဆိုပေမယ့် ကျုပ်မဟုတ်တဲ့အတိုင်းပဲ၊ ခင်ဗျားကို ထားခဲ့နိုင်တယ်။ ဆန်းကြယ်လိုက်တာ။

@@@@@@@

မဖတ်ရ (Don"t Read It)Donde viven las historias. Descúbrelo ahora