ကိုယ် အရင်ကဆို သိပ်ပြီးတော့ တွေးနိုင်တယ်၊ ရေးနိုင်တယ်၊ အခုဆို အတွေးလည်း မလိုက်နိုင်သလို အရေးဆို ပိုဆိုးသွားပြီ။ တစ်ခါတစ်လေ ကိုယ့်ဖာသာ ပြန်မေးတယ်။ သေရွာပြန်ဖြစ်သွားတာလားလို့၊
အတွေးတွေကို ထင်သလောက် စာမစီဖြစ်တော့ဘူး၊ ကိုယ်တကယ်ကို ဒီလိုပုံစံ နေရတာ မကြိုက်ပါဘူး။
ဘာလို့ဆို စာရေးတာက ကိုယ့်အသက်ပဲ၊ စာမရေးချင်လောက်အောင် စိတ်ဓာတ်ပျက်နေတဲ့ ပုံစံမျိုးနဲ့လည်း မရှင်သန်ချင်ပါဘူး။ ခက်တာက ကြိုးစားအားထုတ်မယ်လို့ တွေးလိုက်တာနဲ့ အရင်နဲ့မတူတာ တစ်ခုရှိတယ်။ ကိုယ်စိုးရိမ်တတ်လာတယ်။
ကိုယ်ဖြစ်ချင်တာကို နားမလည်ကြဘူးလို့ ထင်လာတယ်။ ကိုယ့်ကို လက်မခံနိုင်ကြဘူးလို့ တွေးလာတယ်။ ကိုယ်တကယ့်ကို အရင်နဲ့မတူဘူး။
ကိုယ်က ပြောလို့သာ ပြောတာ၊ အရင်ကဆို သိပ်ခေါင်းမာတတ်တာပါ၊ သူများလက်မခံနိုင်တာကို ငါလုပ်နိုင်တယ် ဆိုပြီး သိပ်လုပ်ပြချင်ခဲ့တာ။ ငါတတ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက်လည်း သိပ်ပြင်းတယ်။ ကိုယ်က အရမ်းလှတဲ့အထဲမှာ မပါဘူး။ ဒါပေမယ့် ငါလှတယ်၊ ငါက ဘယ်လိုနေနေလှပြီးသား ဆိုတဲ့ စိတ်မျိုးကို ပိုင်တယ်။
အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် အားနည်းတယ်။ ငါ မတတ်နိုင်လောက်ပါဘူး ဆိုတာမျိုး သိပ်တွေးတယ်။ ငါ မလုပ်နိုင်ဘူး ဆိုတာကို တွေးတယ်။ ငါ ကျရှုံးသွားမှာပါလို့ တွေးတယ်။
အရင်က ဂရုမစိုက်ခဲ့ဖူးသမျှကို ဂရုစိုက်တယ်။ အရင်က အားတင်းထားဖူးသမျှကို လျော့ချမိတယ်။ အရင်က ဟန်မဆောင်ဖူးသမျှ အခုဆို ဟန်ဆောင်တယ်။ အရင်က ပြတ်သားဖူးသမျှ အခု တွေဝေတယ်။ အရင်က ဘယ်သူ့မှ မလိုဘူးလို့ ကြွေးကြော်ဖူးသမျှ အခုလိုတယ်။ အရင်က ကိုယ့်ကိုလက်ခံတာ လက်မခံတာကို အရေးမထားဖူးသမျှ အခုအရေးထားတယ်။
ကိုယ့်ကို မော်ဒီဗိတ် ပေးနိုင်တဲ့ တစ်စုံတစ်ယောက်လည်း သိပ်လိုချင်တယ်။ မဖြစ်နိုင်တာ သိနေတာပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ပြီးသွားရင် ပြန်ထူထောင်ဖို့ တကယ်ခက်တာပါ။ လုံးဝ မလွယ်ပါဘူး။ အခုထိတော့ အားတင်းထားသေးတယ်။