Zawgyi
အဆုံးသတ်။ သူတို့နှစ်ဦးသည် ထိုသို့ကွေကွင်းခဲ့ရသည်။ ထိုကောင်လေးထံမှ လွတ်မြောက်ရန်အတွက် သူ့ကိုယ်သူ လမ်းရှာခဲ့သော်လည်း ထိုကောင်လေးသည် သူ မထွက်ခွာခင် သူ့ထက်အလျင်စောထွက်ခွာခဲ့လေ၏။ ဘယ်နိုင်ငံသို့ ထွက်သွားမည်ဟုလည်း မပြောပြခဲ့။ သို့သော် သူ မထွက်ခွာခင် တစ်နှစ်အတွင်း တင်တတ်သည့် ပုံလေးများထဲကိုကြည့်လျှင်တော့ အနောက်နိုင်ငံ တစ်ခုခုဖြစ်ဟန်တူသည်။
"နင့်ကို အရင်ပို့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး..."
သွန်းနှင်းဆုသည် ထွက်သွားတော့မည့် ရှင်းသန့်မောင်ကို ရယ်၍ပြောသည်။ ရယ်နေရသော်လည်း သူမ စိတ်သည် မပေါ့ပါး။ ရှင်းသန့်မောင်နှင့်ဟန်မင်းပိုင်၏ ကိစ္စက သူမ စိတ်ကို လေးလံနေသေးဆဲ။ သူမ လင်းယုဝေကိုလည်း မျက်နှာချင်းမဆိုင်ရဲ။ သူမသာ ရှင်းသန့်မောင်ကို တွန်းအားမပေး မီးစာမထည့်ခဲ့ဘူးဆိုလျှင် သူတို့နှစ်ဦးအခြေအနေသည် ထိုသို့ဖြစ်သွားပါ့မလား။ သွန်းနှင်းဆု သက်ပြင်းသာချသည်။
"သွန်းကလေးလည်း... ကိုလင်းကို အချိန်မဆွဲထားသင့်တော့ဘူး..."
ရှင်းသန့်မောင်သည် သူငယ်ချင်းမလေးကို ခပ်တိုးတိုးပြော၏။
"ငါတို့က မဖြစ်နိုင်ပါဘူး... သူ့ညီက..."
"သွားတော့မယ့်အချိန်ကို နင်တို့ဘာမဟုတ်တာတွေ ပြောနေတာလဲ..."
နဒီဇော်သည် လက်ကိုပိုက်၍သာ သူတို့အနီးရောက်လာခဲ့သည်။
"မြူလင်းကို ပို့ပြီးပြီပေါ့..."
သွန်းနှင်းဆု၏ မေးခွန်းကို နဒီဇော်သည် ခေါင်းသာညိတ်ပြ၏။
"ဟယ် ဟယ်... မြူလင်းလေး သိပ်ကို ပျော်သွားမှာပဲ..."
"သူများ ကိစ္စမစပ်စုဘဲ နင့်ကိစ္စနင်ပဲ အာရုံစိုက်စမ်းပါ ဟိုမရောက်ဒီမရောက်ရဲ့..."
နောက်စေ့ကိုရိုက်ကာ ပြောလာမှုကြောင့် သွန်းနှင်းဆု ကိုယ့်ခေါင်းလေးကိုယ်ပွတ်ကာ...
"နင် ထစ်ခနဲရှိ ငါ့ကို သိပ်ရိုက်သောနော်..."
"အရိုက်ခံရတာ နင်နဲ့တန်တယ်လို့ ခံစားရလို့... နောက်ပြီး နင် ရှင်းသန့်မောင်..."
YOU ARE READING
The Little straight guy is so cute that I can't help but bent him. [OwnCreation]
RomanceA straight guy being bent by a gay he met on online game. #This Story is my own creation...