Chapter: Two

824 72 13
                                    

လေပွေများ၏ ပရိယာယ်ကြောင့် ပြေပြေကလေး လျှောကျသွားသော အပေါ်ဝတ် အနွေးထည်စဟာ အတွင်းပုခုံးသားတို့အား တစ်ခဏတာ ထင်းခနဲ ပေါ်သွားစေသည်။

နှုတ်ခမ်းတစ်စုံဆီ ပြုံးတုံ့တုံ့ ငေးမောကာ အရှေ့ တိုးလာနေရင်းကမှ ဘယ်ဘက် ညှပ်ရိုးပေါ်မှ အပြာရောင် လိပ်ပြာပုံတက်တူးကို အမှတ်တမဲ့ ငုံ့ကြည့်လာသည့် သူ။

ထို့နောက် ကမ္ဘာကြီးဟာ ခေတ္တမျှ ငြိမ်သက်စွာ တိတ်ဆိတ်သွားသည်။

"ဘာ..ဘာဆုတောင်းတွေလဲ"

လူတိုင်းရဲ့မျက်လုံးများဖြင့် မထိုက်တန်သော အပြာရောင် တက်တူးကို အနွေးထည်စနှင့် အလျင်အမြန် ပြန်ဖုံးအုပ်ရင်း သူ့လက်ထဲက စီးကရက်ကို လှစ်ခနဲ လှမ်းယူ၊ အနောက်သို့ ခြေတစ်လှမ်း ဆုတ်မိသည်။ ပုခုံးထက်မှ အပြာရောင်လိပ်ပြာအား အနွေးထည်စထူထူများက ရုတ်တရက် ကာဆီးသွားကြသည့်အခါ သူ့မျက်ဝန်းတွေဟာ မူလဦးတည်ရာဖြစ်သော ကျွန်မမျက်နှာပေါ် ချက်ချင်း ပြန်လည် ထိုးဖောက်လာရင်း၊ စပ်ဖြဲဖြဲ အပြုံးတစ်ချို့ကို စျေးကွက်ထဲ တစ်ကျော့ပြန် တင်သွင်း၏။

"ဘာဆုတောင်းတွေလဲလို့ မေးဖို့ထက် ဆုတောင်းတွေကို ဘယ်လိုနည်းနဲ့ တောင်းရမှာလဲလို့ မေးရင် ပို စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တာပဲ"

"......."

အနီးကပ်ငေးကြည့်လိုက်တော့မှ သူ့မှာ ကြည်တောက်နေသည့် မျက်ဝန်းနက်နက်တွေ ရှိသည်။

အောက်နှုတ်ခမ်းစွန်း တစ်ဖက်စီပေါ် လျှာနှင့် ဖွတတ သတ်နေသောဟန်က အနည်းငယ် စိတ်ကသိကအောက် ဖြစ်စရာကောင်းသော်လည်း၊ မသိချင်ယောင် ဆောင်ထားလိုက်သည်။

"ငါ မင်းမျက်လုံးတွေထဲ ငေးလိုက်ရုံနဲ့ သိတယ်
မင်းက ထုတ်မပြောရဲတဲ့ ဆုတောင်းတွေ အများကြီးကို ရင်ထဲ ထည့်ထားရင်း အသက်ရှင်နေတဲ့ ကောင်မလေး ဆိုတာကိုလေ"

"ေ-ာက်ရူး"

ခံတွင်းထဲမှ ပြေးထွက်လာသော မှုန်ရီရီအငွေ့တို့သည် အမှောင်တွေထဲ အသည်းအသန် တိုးဝင်ရင်း သူ့ထက်ငါအရင် အထွေးပွေ့ခံရဖို့ တန်းစီကြသည်။ အဲ့အချိန်မှာ သူကတော့ လမင်းကြီးအား ကျောခိုင်းထားလျက်နှင့် ခေါင်းကို အောက်ငုံ့လို့ နှာခေါင်းလေမှုတ်သံဖြင့် တစ်ချက် ရယ်၏။

YOURS (Completed)Where stories live. Discover now