6. လုရှန်းကို ပိုမုန်းတယ်

5.6K 563 6
                                    

ဟွေ့ရင် မှတ်မိသလောက်တော့ လေဆိပ်က တော်တော်ကိုကြီးတယ်။ လူတွေအများကြီးရှိနေပြီးတော့ အားလုံးက ကောင်းကောင်းမွန်မွန်ဝတ်စားထားကြတာချည်းပဲ။

ကားမောင်းသူက သူတို့နှစ်ယောက်ကို ဝင်ပေါက်ရှေ့ချပေးပြီးတာနဲ့ လုရှန်းက ဟွေ့ရင်ကို ဂရုမစိုက်ဘဲ ခပ်သွက်သွက်လှမ်းထွက်သွားလေတယ်။

ဟွေ့ရင် အံကြိတ်ပြီး ခပ်သွက်သွက်လိုက်ရတော့တယ်။

သူတို့နားကလူတွေက လုရှန်းကိုတွေ့တဲ့အခါ အကြီးအကျယ်ကို စိတ်လှုပ်ရှားသွားကြတယ်။

"အဲ့ဒါ လုရှန်းမလား?"

"ဝိုး...သူက တကယ့်ကို နတ်ဘုရားအလားပါပဲ! လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ ချောနိုင်ရတာလဲ?"

"သူ့ကိုကြည့်မိရုံနဲ့တင် ငါ ကိုယ်ဝန်ရသွားတော့မှာပဲ!"

သူ့ကိုတွေ့ဖို့ စိတ်အားထက်သန်နေတာက မိန်းကလေးတွေတင်မ,ကဘူး။ သူတို့ပြောတာကို လုရှန်းနားထောင်ဖို့မျှော်လင့်နေတဲ့ အသက်ကြီးကြီး စီးပွားရေးသမားတွေလည်း ပါတယ်။ သူတို့က လုရှန်းကို မြေခွေးအုပ်ကြီး အသားတစ်အစိမ်းကိုကြည့်သလို ကြည့်နေကြလေတယ်။

ဒါပေမယ့် သူတို့ လုရှန်းအနားကိုတော့ မချဉ်းကပ်ရဲကြဘူး။ သူက အေးစက်ပြီး မချေမငံဆက်ဆံတတ်တာအတွက် နာမည်ဆိုးနဲ့ ကျော်ကြားလေတယ်။ ပြီးတော့ ကံမကောင်းစွာနဲ့ သူ့ဒေါသကို သွားဆွမိတဲ့လူတွေကလည်း လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာရှိတဲ့လူနဲ့ သွားငြိရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ချက်ချင်းသိရှိသွားကြရတယ်။

လုရှန်းဟာ ဘဝမှာအကောင်းဆုံး အခြေခံအချက်တွေကို ပိုင်ဆိုင်ထားလေတယ်။ မှတ်ဉာဏ်၊ အရည်အချင်း၊ ရုပ်ရည်၊ အဆင့်အတန်း၊ ပြီးတော့ ကြွယ်ဝခြင်း။ ထိပ်တန်းအသိုင်းအဝိုင်းထဲမှာတောင် သရဖူမရှိတဲ့ဘုရင်လို့ အခေါ်ခံရတဲ့အထိ အာဏာရှိတယ်။

အရှေ့မှာရှိတဲ့ အရပ်ရှည်ရှည်လူရဲ့ကျောပြင်ကိုကြည့်နေရင်း ဟွေ့ရင်ကတော့ အထင်သာသေးနေတယ်။ ဒီလူ့မှာ အရာအားလုံးရှိတယ်။ သို့တိုင်အောင် သူ့မိန်းမကိုတော့ ဘာဆိုဘာမှမပေးခဲ့လေဘူး။

သူမမှာ တခြားဝတ်စရာမရှိတာမို့လို့ အကြိုက်ဆုံးဝတ်စုံကလေးကို စုတ်ပြဲနေတဲ့အထိ ဝတ်ခဲ့ရတုန်းက သူမအတွက် သူ ဝယ်ပေးခဲ့လို့လား?

အိပ်မပျော်တဲ့ညတွေမှာ အထီးကျန်စွာ ငိုနေခဲ့တုန်းက လေးလံတဲ့ တာဝန်တွေကို သူ့ပခုံးနဲ့ ကူညီထမ်းပိုးပေးခဲ့လို့လား?

အမှန်တရားကို သိနေလျက်နဲ့တောင် ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိတဲ့အထိ စွပ်စွဲခံရတုန်းက သူ့အဆင့်အတန်းကို အသုံးပြုပြီး သူမကို ကာကွယ်ပေးခဲ့လို့လား?

ဒါတွေ တစ်ခုမှ လုရှန်းမလုပ်ခဲ့ဘူး။ အဲ့ဒီအစား ဒါတွေအားလုံးကို သူမတစ်ယောက်တည်း ရင်ဆိုင်စေခဲ့တယ်။

သို့ပေမယ့်လည်း တန်ဖိုးကြီးအဝတ်အစားတွေ အများကြီးရှိတဲ့ နျန်ကျန်းက အသစ်တစ်စုံလောက် ဝယ်ပေးဖို့ ပူဆာလိုက်တာနဲ့ သူ့ရဲ့ သီးသန့် black card ကို မတွန့်မဆုတ်ပေးလိုက်တာပဲ။ နျန်ကျန်းများ ခြစ်ရာသေးသေးကလေးထင်ရင် ဆေးအိတ်ဆွဲပြီးအပြေးရောက်လာတာက လုရှန်းပဲ။

နျန်ကျန်းက ဟွေ့ရင်နဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေဖြန့်နေရင်လည်း သူကလွှတ်ပေးထားတာပဲ။

လုရှန်းကို နျန်ကျန်းထက်တောင်မှ ဟွေ့ရင် ပိုမုန်းသေးတယ်။

လူအုပ်ကြီးက လုရှန်းအတွက် လမ်းဖယ်ပေးပေမယ့် သူထွက်သွားတာနဲ့ ပိတ်ရပ်လိုက်ကြတယ်။ လူအုပ်ကို ရှောင်နေရတာနဲ့ပဲ ဟွေ့ရင် အနောက်မှာ ကျန်ခဲ့တော့တယ်။ ခဏချင်းအတွင်းမှာပဲ သူ့ရဲ့နောက်ကျောကို သူမ ပျောက်သွားလေပြီ။

ဘာလုပ်ရမလဲမသိဘဲ နေရာမှာရပ်နေမိတုန်း တစ်စုံတစ်ယောက်က ဟွေ့ရင်ကိုတိုက်မိပြီး သူမလဲကျသွားတော့တယ်။

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now