"ဦးက ဘယ်သွားရမှာမို့လဲဟင်"မျက်နှာတစ်ဝိုက် ညစ်နွမ်းပေကျံနေတဲ့ ကလေးလေးက သနားစရာရုပ်ကလေးနှင့် သူ့လက်ကိုဆွဲကိုင်ရင်း မေးလာသည်။ မနေ့က ဒီနေရာမှာပင် အမှိုက်ကောက်နေတဲ့ ထိုကလေးလေးကို မတော်တဆတွေ့မိရာက မည်သို့တွယ်တာမိသည်မသိ သံယောဇဉ်ဖြစ်မိသည်။
"ဦးက ဒီနိုင်ငံကြီးကိုကာကွယ်ဖို့အတွက် ဟိုးအဝေးကြီးမှာ စစ်သွားတိုက်ရမှာ။ မကြာပါဘူးကွာ။
ဦးပြန်လာတဲ့အခါ ကလေးကိုလာရှာပါ့မယ်...နော်။ ""တကယ်ရောပြန်လာမှာလား။ သားကို ဦးနဲ့အတူ ခေါ်သွားလို့မရဘူးလားဟင်။"
သူလက်ဆွဲအိတ်ကို ဘေးနားချရင်း ထိုကလေးလေးရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။ မျက်ရည်လေးတွေ ဝေ့သီနေတဲ့ မျက်ခမ်းထောင့်လေးကို လက်မလေးနှင့်ဖိသုတ်ပေးတော့ ရှိုက်တုန်နေတဲ့ ကိုယ်လေး။
"သေချာပေါက်ပြန်လာမယ်လို့ ကတိပေးတယ်။
နောက်နှစ်နှစ်ကြာရင် ဒီနေရာလေးမှာ ဦးကိုလာစောင့်နေပေး။ ဦးက ကလေးနဲ့တွေ့ရဖို့ ပြန်လာခဲ့မှာမို့။ အာ..ဒါနဲ့ ဦးတို့တစ်ယောက်နာမည် တစ်ယောက် မိတ်မဆက်ရသေးဘူးနော်။ မနေ့ကလဲ နာမည်မေးတော့ မနက်ဖြန်တွေ့ရင်ပြောမယ် ဆိုပြီး""ဟင့်အင်း မမိတ်ဆက်ချင်ဘူး။
ဦးနဲ့ ပြန်တွေ့တဲ့နေ့မှ သားနာမည်ကိုပြောပြမယ်။
ဦးရော အဲ့ဒီခါကျ ဦးရဲ့နာမည် သားကိုပြောပြ။""ဟမ်...ဘာလို့လဲ ကလေးလေးရဲ့။ အခုထဲက မိတ်ဆက်ထားတော့ ပိုမကောင်းဘူးလား။"
"ဦး သားဆီပြန်မလာမှာကြောက်လို့။ ဦးက သားနာမည်ကိုမသိရသေးမှ သေချာပေါက် သားဆီပြန်လာပြီး နာမည်မေးမှာမို့လား။ "
နှုတ်ခမ်းလေးတထော်ထော်နဲ့ ချစ်စရာကောင်းတဲ့ ကလေးအတွေးလေးနဲ့ ပြန်ပြောနေသည့် ထိုကလေးကို သူအသည်းယားစွာ ပါးဖောင်းဖောင်းလေးတွေဆီ ဆွဲညစ်လိုက်သည်။