ညနေကုမ္ပဏီဆင်းချိန်တိုင်းက အခုနှစ်ပတ်လုံးလုံး တော်တော် အထီးကျန်ဆန်လွန်းနေသည်။ ဦးမရှိတဲ့ နှစ်ပတ်အတောအတွင်းက ဟာသည့်ဟာတာနဲ့ ကျနော်တစ်ယောက်ထဲ အူလည်လည်ဖြစ်စေသည်။ကုမ္ပဏီမှာတော့ အတွင်းရေးမှူး Kim နဲ့ဆို ကျနော်က တော်တော်များများ ဦးကနေ လက်လွှတ်လို့ရအောင် ဖြစ်နေပြီမို့ အခုလို နိုင်ငံခြား ခရီးစဉ်တွေရှိတဲ့အခါ ကျနော်က ကုမ္ပဏီမှာ နေထားခဲ့ရသည်။ အရင်ကဆို သုံးလေးရက်နဲ့ ခရီးကတိုပေမဲ့ ဒီတစ်ခါတော့ ဦးသွားတာ နောက်နေ့ဆိုရင်ပဲ နှစ်ပတ်ကျော်တော့မည်။
LA ကို Seo Joon နဲ့အတူ အသစ်ထွက်မဲ့ ကားအတွက် Seo Joon ရဲ့အဖေနဲ့ သွားတွေ့တယ်လို့တော့ ပြောသွားတာပဲ။ ဟိုကနေ တင်ပို့မှာဆိုတော့ စာချုပ်စာတမ်းကိစ္စရယ် နှစ်ဦးနှစ်ဖက် ညှိနှိုင်းစရာတွေရယ်၊ Brand အသစ်မို့ စေ့စပ်တဲ့ဦးက တော်ရုံတန်ရုံနဲ့ အဖြစ်ခံမှာမဟုတ်လို့ ကြာမယ်လို့ ပြောပေမဲ့ ကျနော်ကတော့ နှစ်ရက်တခါ ပြန်မလာသေးဘူးလား မေးနေမိတယ်။
မနက်ဖြန်ဆို ပိတ်ရက်မို့ ဒီနေ့ကုမ္ပဏီကအပြန် ဦးနဲ့အတူဝင်နေကြ ဆိုင်မှာအချိန်အကြာကြီး ဆွဲထိုင်နေမိတယ်။
ဟူး ....ဒီနေ့က ချစ်သူများနေ့လေ။
ညစာကို စိတ်ပျက်လက်ပျက်နဲ့ ဇိမ်ဆွဲစားရင်း အခုလိုနေ့မှာ ဖုန်းမဆက်တဲ့ ဦးကို ကျနော်စိတ်တိုသည်။
အနောက်တိုင်း တေးသံလွင်လွင်လေးနဲ့ ဆိုင်ထဲမှာ ကျနော်ပျင်းတိပျင်းရွဲနဲ့ ဟိုးအောက်ဖက်ကို
ငုံ့ကြည့်မိတော့ ညဘက်ရောက်လာလို့ မီးရောင်တလက်လက်နဲ့ feb 14 အတွက် အထူးပြင်ဆင်မှုတွေနဲ့။မှန်တွေနဲ့သာကာထားတဲ့ ကျနော်ထိုင်နေတဲ့ အထပ်ကနေ 360°လည်အောင် ဝေ့ဝိုက်ကြည့်ရင်း
တစ်ဖက်အဆောက်အဦးကနေ မီးရှူးမီးပန်းတွေ ဖွားခနဲဖောက်လာကြသည်။*ဦးရှိနေရင်လဲ ကျနော့အတွက် တစ်ခုခုတော့ လုပ်ပေးမှာပဲ။ *
* လွမ်းတယ် ဦးရာ....ဒီလိုနေ့မျိုးမှာ ဦးနဲ့အတူ အချိန်ကုန်ချင်မိတာကို *
*အခုတော့ ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရဘူး။ *
စားပွဲပေါ်ချထားတဲ့ ဖုန်းလေးကိုကြည့်ရင်း စိတ်အိုက်အိုက်နဲ့ လည်ပင်းက နက်ခ်တိုင်ကိုသာ ဆွဲလျော့လိုက်ရသည်။
ဒီနေ့အိမ်ပြန်ဖို့တောင် တကယ်စိတ်မပါတော့ဘူး။