Chapter 1

113K 8.2K 148
                                    

Unicode

အခန််း(၁)
ဆယ့်ခြောက်နိုင်ငံကိုသိမ်းပိုက်ခြင်း

ထန်ရွှမ်းတိုက်သည် နိုင်ငံဆယ့်ခြောက်နိုင်ငံ စုစည်းထားသော ပင်လယ်နီ၏ အရှေ့ဘက်က တိုက်ကြီးတစ်တိုက်ဖြစ်သည်။ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ဆယ့်ခြောက်နိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမြဲစစ်မက်ဖြစ်ပွားနေလေ့ရှိသည်။အင်အားချင်း မတိမ်းမယိမ်းရှိသည့်အတွက် မည်သည့်နိုင်ငံကမျှ အသားစီးရသည်ဟူ၍ မရှိပေ။

သို့ရာတွင် လွန်ခဲ့သောငါးနှစ်မှစ၍----

ဆယ့်ခြောက်နိုင်ငံအနက် ယန်နိုင်ငံသည် ၎င်းတို့၏ ဘုရင်သစ် လင်းမိုနန်းတက်သည့်အချိန်မှစ၍ အင်အားကြီးမားလာလေသည်။ လင်းမိုသည် ငယ်ရွယ်ပြီး အစွမ်းအစရှိသော ဘုရင်တစ်ပါးဖြစ်သည်။ သူ စတင်နန်းတက်ချိန်က အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။

ငယ်ရွယ်သော ဘုရင်အသစ်စက်စက်၏ အစွမ်းကို အကဲစမ်းသောအနေဖြင့် ယန်နိုင်ငံပတ်ပတ်လည် အိမ်နီးချင်းငါးနိုင်ငံသည် ပူးပေါင်းပြီး ယန်နိုင်ငံကို ကျူးကျော်ခဲ့ကြသည်။

သို့သော် ၎င်းတို့က လင်းမို၏ အစွမ်းအစကို လျှော့တွက်မိခဲ့ခြင်းသာ ဖြစ်လေသည်။ လင်းမိုသည် အိမ်နီးချင်းနိုင်ငံများ၏ ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့သောကြောင့် ဆယ့်ခြောက်နိုင်ငံတွင် လင်းမို၏ဂုဏ်သတင်းမှာ နေ့ချင်းညချင်း ကျော်စောလာခဲ့သည်။ လင်းမို၏ တိုက်ပွဲဝင်ဟန်ကို ဒဏ္ဍာရီ တစ်ပုဒ်သဖွယ် ဖန်တီးပြောဆိုကြသည်။

သွေးစွန်းနေသော ဓားရှည်နှင့် အုန်းခွံရောင်မြင်းကြီးပေါ်က အနက်ရောင်ဝတ် စစ်နတ်ဘုရားက ရန်သူများကို မည်ကဲ့သို့ ချေမှုန်းခဲ့သည်ဆိုသည်မှာ ဆယ့်ခြောက်နိုင်ငံတွင် ပါးစပ်ပြောရာဇဝင်သက်သက် မဟုတ်ခဲ့ချေ။

လင်းမို၏ စစ်တပ်များသည် ကျူးကျော်သူများကို ယန်နိုင်ငံနယ်စပ်ထိသာ မောင်းထုတ်ပြီးနောက် မြို့တော်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ ရန်သူများကို လိုက်လံတိုက်ခိုက်ခြင်း မရှိခဲ့ချေ။

The True Conqueror [Complete]Tempat cerita menjadi hidup. Temukan sekarang