ကျွန်တော့် နှလုံးသားထဲက နေရာကွက်လပ်က ကြီးသထက် ကြီးလာခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကို ပြုပြင်ဖာထေးဖို့ နည်းလမ်းမရှိဘူး။ ကျွန်တော် နောက်ထပ် ရည်းစား(မိန်းကလေး)တစ်ယောက် ထပ်ရတယ်။ တက္ကသိုလ်တတိယနှစ် အတန်းချိန်တစ်ခုမှာ အားလုံး သီချင်းဆိုပြီး ကကြတယ်။ ကျွန်တော်ဖျော်ဖြေဖို့အလှည့်ရောက်တော့ ကျွန်တော် " I just happen to love you"ကို ဆိုခဲ့တယ်။ သီချင်းပြီးခါနီးလေလေ ကျွန်တော့်ခံစားချက်တွေကို ထိန်းရခက်လာလို့ အမြန် အဆုံးသတ်လိုက်ရတယ်။ ကျွန်တော် ပြန်ထိုင်လိုက်ပြီး လက်တွေပေါ် ခေါင်းမှောက်ချလိုက်ပြီး ပြန်မော့မလာတော့ဘူး။ ဘယ်သူမှ သတိမထားမိဘူး။ ကျွန်တော့်ကို တိတ်တဆိတ်ကြည့်နေတဲ့ အဲ့မိန်းကလေးတစ်ယောက်ကလွဲရင်ပေါ့။ သူမက ကျွန်တော့်တက္ကသိုလ်ကျောင်းသားဘဝရဲ့ နောက်ဆုံး ရည်းစားဖြစ်တယ်။
ကျွန်တော်တို့ အတူတက်ရတဲ့ အတန်းတစ်ခုမှာ သူမက စကားလာပြောတယ်။ ဒီသီချင်းကို ကျွန်တော့်ရဲ့ အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကြောင့် ဆိုတယ်ဆိုတာ သူမ အလိုလို သိတယ်တဲ့။ သူမက ပြောသေးတယ်။ သီချင်းဆိုနေတုန်းက ကျွန်တော့်အမူအရာကို ကြည့်ရင် အဲ့ဒီလူကို ကျွန်တော် အရမ်းကို ချစ်တယ်တဲ့။ အဲ့မိန်းကလေးက ဘယ်လောက်တောင် ပျော်လိမ့်မလဲဆိုပြီး သူမရဲ့စကားကို ပေါ့ပေါ့ပါးပါး အဆုံးသတ်လိုက်ပေမယ့် သူမရဲ့မနာလိုစိတ်ကို ကြိုးစားဖုံးကွယ်နေတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြောစရာစကားမရှိဘူး။ သူမသာ အမှန်ကိုသိရင် ဘယ်လိုထင်မလဲ ကျွန်တော် မတွေးတတ်ဘူး။
နောက်ဆုံးမှာ ကျွန်တော်တို့နှစ်ယောက် သိပ်မမြဲခဲ့ဘူး။ အကြောင်းရင်းက သူမက ကျွန်တော်ရေးထားတဲ့စာတွေကို တိတ်တဆိတ် ယူဖတ်လို့ဖြစ်တယ်။ ကျွန်တော် သိသွားတဲ့အခါ အေးစက်စွာနဲ့ပဲ လမ်းခွဲဖို့ စပြောလိုက်တယ်။ သူမ အထင်တွေမှားသွားခဲ့တယ်။ သူမ ထင်တာက... အဲ့စာတွေထဲမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး။ ရေးထားတာတွေကလဲ ဘာမှ အထွေအထူးမဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ကို နှုတ်ဆက်စာတွေပဲ။ ဘာလို့ အဲ့စာတွေကို မပို့တာလဲလို့ သူမက ရိုးရိုးပဲ မေးတယ်။ ကျွန်တော် ဘာမှမပြောချင်တော့ဘူး။ ကျွန်တော်သိတာက သူမ ကျွန်တော့်ကို တကယ်ချစ်ခဲ့တယ်။ တကယ့်တကယ်ကို ချစ်ခဲ့တယ်။
ကျွန်တော် တက္ကသိုလ်ကနေ ဘွဲ့ရပြီး သင့်တော်တဲ့အလုပ်တစ်ခု ရခဲ့တယ်။ ဒါပေမယ့် သီးသန့်အိမ် မရတော့ အခြားလူအချို့နဲ့ တူတူ မျှနေရတယ်။ အဲ့ဒါက အရမ်း မသက်မသာဖြစ်တယ်။
ကျွန်တော် နိုင်ငံခြားကို သွားဖို့ အခွင့်အရေးရတိုင်း ကြိုးစားတယ်။ ကျွန်တော့်မသိစိတ်က ပူဆွေးသောကတွေနဲ့ ပြည့်နေတဲ့ ဒီနေရာကနေထွက်သွားပြီး ဘယ်သူကမှ ကျွန်တော့်ကိုမသိတဲ့နေရာမှာ ဘဝသစ်တစ်ခုကို စချင်တာ။ အဆုံးသတ်မှာ လမ်းခွဲရမယ်ဆိုတာ သိတော့ ကျွန်တော် ရည်းစားလဲ ထပ်မထားဖြစ်တော့ဘူး။ သူနဲ့လဲ ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်တဲ့အတွက် ကျွန်တော့်အတွက် ရွေးချယ်စရာက ထွက်သွားဖို့ပဲ ရှိတယ်။
တစ်ခါတစ်ရံလည်းပဲ ကျွန်တော် တွေးမိတယ်။ လီကျန့်ယွင်ထက် ပိုကြည့်ကောင်းပြီး ပိုကောင်းတဲ့ပင်ကိုယ်စရိုက်ရှိတဲ့သူတွေ ဘယ်လောက်တောင် အများကြီးရှိနေမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ။ တကယ်တော့ သူက တစ်ကိုယ်တည်း နေတဲ့သူဖြစ်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ကျွန်တော့်ကို လီကျန့်ယွင်ကို ကြိုက်ရတဲ့အချက်တွေကို ပြောခိုင်းရင် တော်တော်ခက်ခဲမှာ။ ကျွန်တော် မြင်ဖူးတဲ့ အတော်လေး ပဟေဠိဆန်တဲ့စာကြောင်းတစ်ကြောင်းလိုပေါ့ ။
" သူက ကျွန်တော် လိုချင်တဲ့ သူပဲ "။
// " This is just the taste I want " //ကျွန်တော် ရယ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ခံစားချက်ဆိုတဲ့အရာတွေက အရမ်း ရှုပ်ထွေးဆန်းကြယ်လွန်းတယ်။ တစ်ချို့လူတွေက တစ်ခြားသူတွေရဲ့ဘဝမှာ မမေ့နိုင်အောင် ဝင်ရောက်စွက်ဖက်နေပြီး သူတို့က သူတို့အတွက် ဘာမှကို မလုပ်ပေးဘူး။
ဖြစ်ကောင်းဖြစ်နိုင်တာက...
ဒါဟာ ကံကြမ္မာ... ဒါဟာ ကြိုတင်စီရင်ပြီးသားဖြစ်တယ်။တစ်ခါက ကျွန်တော့်ဘေးမှာထိုင်တဲ့ လုပ်ဖော်ကိုင်ဖက် မေ့ကျန်ခဲ့တဲ့ ရှေးရိုးရာအ်ာပရာစာအုပ်တစ်အုပ်ကို အမှတ်မထင် ဖတ်ကြည့်ဖူးတယ်။ သာမန်ကာလျှံကာ စာရွက်တွေကိုလှန်ရင်းနဲ့ စာသားတစ်ကြောင်းကို တွေ့ခဲ့တယ်။
" အချစ်ဆိုတာ တစ်ခါ စတင်ပြီးရင် ဘယ်တော့မှ အဆုံးမသတ်ဘူး "
ကျွန်တော်က အသေးအဖွဲတွေကို ဇာချဲ့ရေးထားတဲ့ ကဗျာတွေကို မုန်းခဲ့တယ်။ တရုတ်စာဘာသာမှာလဲ ကျွန်တော် မတော်ခဲ့ဘူး။ ဒါပေမယ့် ဒီစာသားက ကျွန်တော်ကို အချိန်အတော်ကြာ မင်သက်သွားစေတယ်။ ကျွန်တော်ရဲ့စိတ်ထဲက ဝမ်းနည်းပူဆွေးမှုက ခဏလေးနဲ့ မပျောက်ကွယ်နိုင်ခဲ့ဘူး။
ကျွန်တော် နားလည်သွားခဲ့ပြီ။
ကျွန်တော်က သူ လို့ ခေါ်တဲ့ အဆိပ်မိနေတာ။
ပြီးတော့ သူကပဲ အဆိပ်ဖြေဆေး ဖြစ်ပေးနိုင်တယ်။
YOU ARE READING
If only time stopped at the moment we first met
RomanceIf Only Time Stopped at the Moment We First Met [ Burmese Translation ] တကယ်လို့ အချိန်တွေက ငါတို့စတွေ့တဲ့ အခိုက်အတန့်လေးမှာပဲ ရပ်နေခဲ့မယ်ဆိုရင် ~ တစ်ဖက်သတ် အချစ်လို့ ထင်ရတဲ့ ~ ကျောင်းက ပြသနာကောင်လေးနဲ့ အတန်းခေါင်းဆောင်လေးတို့ရဲ့ကြားက ပုံပြင် ~ Auth...