~ 8 ~

218 39 0
                                    

ကျွန်တော် ရည်းစားအသစ်(မိန်းကလေး)ရတိုင်း သူမအပေါ် ကောင်းမယ်လို့ ဆုံးဖြတ်ချက်ချထားပေမယ့် လမ်းခွဲခြင်းနဲ့ပဲ အမြဲ အဆုံးသတ်ရတယ်။ ကျွန်တော့် ရည်းစားဟောင်းတိုင်းက ပြောခဲ့တယ်။ ကျွန်တော့်ဆီမှာ ချိုသာမှုတွေ ရှာလို့မရဘူးတဲ့။ ကျွန်တော်က ရိုမန့်တစ်လဲမဆန်သလို ကျွန်တော်တို့ကြားမှာ ထူးခြားတဲ့ရူးသွပ်မှုတွေလဲ မခံစားရဘူးတဲ့။ သူတို့မသိဘူး။ ကျွန်တော် တကယ်ချစ်ရတဲ့သူရှေ့မှာမှ ကျွန်တော်က ပုံမှန်မဟုတ်လောက်အောင် ရူးသွပ်တဲ့ အချစ်မျက်ကန်းလေး ဖြစ်နေမှာ။

ကျွန်တော် မကြာခဏ လီကျန့်ယွင်ဆီ စာတွေရေးတယ်။ ကျွန်တော် အဖြစ်အပျက်တွေကို ဘယ်တော့မှ ဖြစ်ကြောင်းကုန်စင်မပြောပြဘူး။ ကျွန်တော့်စိတ်ကိုပဲ ဖော်ပြတယ်။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နှစ်ယောက်ကလွဲပြီး တခြားဘယ်သူကမှ ဒီစာတွေကို နားလည်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေ ကျွန်တော် သူ့ဆီကနေ ခွင့်လွှတ်ပေးဖို့ တောင်းဆိုတယ်။ တစ်ခါတစ်ရံ စာအရှည်ကြီးတွေရေးပြီး သူ့ကိုသဘောကျနေတဲ့အကြောင်း အရိပ်အမြွတ်ပေးတယ်။ တစ်ခါတစ်လေမှာ သမာရိုးကျ စာတွေပဲ ရေးတယ်။ ဒါပေမယ့် အဲ့စာတွေဟာ တစ်စောင်မှ အပို့မခံခဲ့ရဘူး။ ကျွန်တော် ဘာလုပ်လုပ် အသုံးမဝင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် အဲ့လိုမှမလုပ်ရင် ကျွန်တော့်နာကျင်မှုတွေကို ဖြေဖျောက်စရာနည်းလမ်းမရှိဘူး။ ကျွန်တော် အဲ့ဒီစာတွေကို တစ်နေရာမှာ သိမ်းထားတယ်။ အဲ့စာတွေကို ကျွန်တော်တစ်ယောက်ထဲသိတဲ့ လျှို့ဝှက်ချက်အနေနဲ့ သိမ်းထားချင်တယ်။

တက္ကသိုလ်ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက်မှာ
ကျွန်တော်တို့ အထက်တန်း အခန်းနှစ်ခန်းပေါင်းပြီး ကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်ခဲ့တယ်။ ကျွန်တော့ဆီ ဆရာတွေက ဖုန်းဆက်တော့ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးသွားတယ်။ ကျွန်တော် ဘာကို မျှော်လင့်နေပြီး ဘာကိုစိုးရိမ်နေလဲဆိုတာ သိနေတယ်။ သူ အိမ်ပြန်လာပေမယ့် ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုတော့ လာမှာမဟုတ်ဘူးဆိုတာကို အမှတ်မထင် ကြားခဲ့ရတယ်။ ကျွန်တော် အရမ်းစိတ်ပျက်သွားပြီး ကျွန်တော်လဲ မသွားဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဆရာဆရာမတွေက စိတ်ရှည်ရှည်နဲ့ အကြိမ်ပေါင်းများစွာ ပွဲကိုလာဖို့ ကျွန်တော့်ကို ဖုန်းဆက်ခေါ်တယ်။ ဆရာဆရာမတွေကို မျက်နှာမပျက်ချင်တာနဲ့ပဲ အဲ့နေ့မှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သွားဖြစ်ခဲ့တယ်။

ကြီးမားတဲ့သီချင်းဆိုခန်းမကျယ်ကြီးထဲကို ကျွန်တော်ဝင်လာတာနဲ့ တစ်ချို့တွေက အော်ဟစ်နှုတ်ဆက်ကြတယ်။
" မင်းပြောတော့ မလာဘူးဆို... နောက်ဆုံးတော့ ငါတို့ကို မင်းမျက်နှာလေး လာပြပြီပေါ့"
ဝမ်ရှောင်းယုံရဲ့အသံက ကျွန်တော့်နားထဲ ဆူညံနေတယ်။

ကျွန်တော် သူတို့နဲ့စကားပြောနေရင်း လူတိုင်းကို လိုက်ကြည့်နေတယ်။ ကျွန်တော် လီကျန့်ယွင်ကို မြင်လိုက်တဲ့အခိုက်အတန့်မှာ သူအံ့သြသွားတဲ့ပုံက ကျွန်တော့်ထက် မပိုရင်တောင် မလျော့ဘူး။ နဂိုက အပြုံးရေးရေးလေးရှိနေတဲ့သူ့မျက်နှာက ကျွန်တော့်ကို မြင်တဲ့အခါ ဖြူဖျော့သွားပြီး အပြုံးလဲ ပျောက်ကွယ်သွားတယ်။ ကျွန်တော့်မျက်နှာအမူအရာက ဘယ်လိုဖြစ်သွားလဲဆိုတာတော့ ကျွန်တော် မသိဘူး။

ကံကောင်းစွာနဲ့ အဲ့နေ့က လူတိုင်း ပျော်ရွှင်နေကြတော့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ ကျွန်တော်နဲ့မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတစ်ချို့နဲ့ အပြန်အလှန် နှုတ်ဆက်ပြီးတဲ့အခါ ကျွန်တော် တိတ်ဆိတ်သွားပြန်တယ်။ ကျွန်တော် သူ့ကို ခိုးကြည့်လိုက်တော့ သူက တစ်ခုခုကို တွေးနေသလိုနဲ့ ထောင့်မှာ တစ်ယောက်ထဲ ငြိမ်ငြိမ်လေးထိုင်နေတယ်။ သူက ကျွန်တော်မှတ်မိတာထက် ပိုပြီးပိန်သွားပြီး ပိုချောလာတယ်။ ကျွန်တော် သူ့မျက်နှာနဲ့သူ့အမူအရာတွေကို အကြိမ်ပေါင်းများစွာ စဉ်းစားဖူးတယ်။ ဒီနေ့တော့ လူအစစ်က ကျွန်တော့်ရှေ့မှာ ရှိနေပေမယ့် လက်တွေ့လို့ မခံစားရဘူး။ ကျွန်တော့်စိတ်ကူးယဉ်ခြင်းတွေက ညံ့လိုက်တာ။ ကျွန်တော့်စိတ်ကူးထဲက သူနဲ့ပတ်သက်တဲ့အရာအားလုံးက တကယ့်လက်တွေ့နဲ့ မတူဘူး။ သူက ကျွန်တော်နဲ့ မီတာအနည်းငယ်ပဲ ဝေးတဲ့နေရာမှာ ထိုင်နေပေမယ့် အရမ်းဝေးကွာနေသလို... လက်လှမ်းလိုက်ရုံနဲ့ ထိတွေ့လို့ရတဲ့ အကွာအဝေးဆိုပေမယ့် သူနဲ့ကျွန်တော့်ကြား ကမ္ဘာကြီးတစ်ခုလုံး ခြားနေသလို ခံစားရတယ်။

ဝမ်ရှောင်းယုံနဲ့တခြားသူတွေက သီချင်းမျိုးစုံနဲ့ ကနေကြတယ်။ ကျန်တဲ့သူအားလုံးကလဲ မိုက်ကိုလုဖို့ ကြိုးစားနေကြတယ်။ နောက်ဆုံးမှာ သီချင်းတစ်ပုဒ်မှ မဆိုရသေးတာလို့ သူနဲ့ကျွန်တော်ပဲ ကျန်လို့ထင်တယ်။ မိုက်ကို မရမှာ စိုးရိမ်နေကြတဲ့သူတွေအားလုံး သီချင်းဆိုတာ မောသွားကြပြီး သူနဲ့ကျွန်တော့်ကို အာရုံစိုက်လာကြတယ်။

If only time stopped at the moment we first metWhere stories live. Discover now