Unicode
ချစ်ရတဲ့ အကိုနေကောင်းရဲ့လား။ ကျွန်တော်တို့မတွေ့ဖြစ်တာအတော်ကြာပြီနော်။ အစကတော့ကျွန်တော် လိပ်မူထားခြင်းမရှိတဲ့ပိုင်ရှင်မဲ့စာတွေကို နောက်ထပ်မရေးတော့ဘူးလို့ စိတ်ဆုံးဖြတ်ထားတာ အကိုရ ဒါပေမယ့်လည်း ရေးဖြစ်သွားပြန်ပြီ။ ကျွန်တော်အကိုကို့လွမ်းတယ်။ ပုံမှန်ဆိုလည်း သတိတရရှိနေတယ်ဆိုပေမယ့် ဒီရက်ပိုင်းတွေမှာ အကို့အကြောင်းပိုတွေးဖြစ်တယ်။ ရာသီဥတုအေးလာလို့ထင်ပါရဲ့။ ဟုတ်မှာပါ ရာသီဥတုအေးလာလေ လူတွေကပိုပြီး အထီးကျန်တယ်လို ခံစားရလေ မဟုတ်လား။ အမှန်ကလေ ကျွန်တော် အခုရက်ပိုင်း တစ်ယောက်တည်းဖြစ်နေတယ်လို့ခံစားနေရတယ်။ ဘေးမှာလူတွေရှိနေပြီး စကားတွေပြော ရယ်မောနေရင်းနဲ့ကို အာ့လိုအတွေးတွေတွေးမိနေတာ အကိုရ။ အစစ်အမှန်ဘယ်သူမှအနားမှာမရှိဘူး။ ဘယ်သူကိုမှလည်း သတိတရမဖြစ်မိဘူး။ အင်း... အကိုကလွဲရင်ပေါ့။ အကို့ကိုတော့လွမ်းသား...
အခုတလော မှတ်ဉာဏ်တွေလည်းသိပ်မကောင်းဘူး အကိုရေ။ အရမ်းကိုမေ့တတ်နေတယ်။ စာအုပ်ထဲချမှတ်ထားမှ ရတဲ့အခြေအနေဖြစ်လာပြီ။ ကျွန်တော်အရမ်းမေ့ဖျောက်ချင်နေတဲ့ အကို့ကိုကျတော့ မမေ့ဘူးဖြစ်နေတယ်။ ဘဝကြီးက တကယ်ကိုစောက်တလွဲတွေနဲ့ပြည့်နေတာပဲ အကိုရ။ ဒီလိုစောက်တလွဲထဲမှာ မနည်းအသက်ကိုဝအောင်ရှုနေရတယ်။ တခါတလေအရမ်းမွန်းကြပ်တာပဲ။ မီးခိုးတွေနဲ့သိပ်သည်းပြီး မြူတွေဆိုင်းနေတဲ့နေရာမှာနေနေရသလိုပဲ။ အသက်လည်းဝအောင်မရှူနိုင် အရှေ့ကိုလည်းမမြင်ရ အနောက်ကိုပြန်လှည့်ပြေးဖို့လည်း သတ္တိမရှိနဲ့လေ...
ကျွန်တော့်အကြောင်းတွေချည်းပြောနေတာ အကိုရော အဆင်ပြေရဲ့လား။ ပြေမှာပါ အကိုဘေးမှာက အကို့ကိုချစ်တဲ့သူတွေချည်းပဲဟာ ကျွန်တော်မပါဝင်နိုင်တာကလွဲလို့ပေါ့။ ဘာပဲဖြစ်ဖြစ်လေ အကိုပျော်နေတယ်ဆိုတော့လည်း ကျွန်တော်ကျေနပ်ရမှာပေါ့။ ကျွန်တော့်မှာ ပေါက်ကွဲပိုင်ခွင့်မှမရှိတာ။ ကျွန်တော်လည်း အဆင်ပြေအောင်ကြိုးစားနေနေပါတယ်။ အကိုမရှိလို့အဆင်မပြေတာကလွဲရင် အကုန်အရင်တိုင်းပါပဲ။ အကို့ကိုလွမ်းလိုက်တာဗျာ။ အကိုရော... အာ မသိချင်ဘူး အကိုက ပါးချိုင့်တွေပေါ်အောင် ရယ်ပြီး ကလေးလေးရယ်ဆိုပြီး နှစ်သိမ့်ဦးမှာမလား။ ဒါပေမယ့်အနည်းဆုံးတော့ အဲ့ဒါကပိုအဆင်ပြေမလားမသိဘူးနော်။ အခုလိုတွေ့ချင်တာတောင် မတွေ့ရတာထက် အကို့ရဲ့ကလေးလေးဆိုတဲ့အောက်မှာ ကျွန်တော်ထိန်းချုပ်ပြီးနေခဲ့သင့်တာ။ အခုတော့... ကျွန်တော်ဟာ ပိုင်ရှင်မရှိတဲ့ မပို့ဖြစ်မယ့်စာတွေကိုရေးနေရပြီ။