မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်က.. ဟူ၍ အစပြုသည့် လက်၀ဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေရတုကို သတိရမိသည်။
ချောင်းရေသည် တသွင်သွင်စီးဆင်းကာ ေ၀့ကာ၀ိုက်ကာနှင့် တောတန်းကြီးကို ပတ်ခြံထားသည်။ ရေအလျဥ်သည် မနက်ရှိုင်းသော်လည်း အားမာန်ပြင်းသည်။ ချောင်းရေကိုဖြတ်ကာ တောကြောကိုကွေ့ပတ်ဖောက်ထားသည့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။ မညီညာသော မြေပြင်ရပ်၀န်းသည် ကျောက်သားကျောက်စများနှင့် ပြည့်နေသည်။
လမ်းကျွမ်းကျင်သော ဒေသခံကောင်လေးတစ်ယောက်သည် ဆောင်းကိုတို့နှစ်ယောက်အား တောထဲသို့ လမ်းပြပို့ပေးနေသည်။ အသက် ၁၇ နှစ်လောက်သာ ရှိသေးသော်လည်း တောကျွမ်းကာ အားကိုးရသည်။ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းမှုအတွက် ကူညီတာ၀န်ယူပေးနေသော စေတနာ့၀န်ထမ်း ဒေသခံများစွာထဲမှ တစ်ယောက်ဖြစ်သည်။ ညစ်ပေနေသော လျှာထိုးဦးထုပ်ကို ပြောင်းပြန်ဆောင်းပြီး ရှေ့မှသွားနေခြင်းဖြစ်သည်။ ရန်ကုန်မြို့သားတစ်ယောက် တောထဲသို့ လိုက်နိုင်ပါ့မလားဟူသည့် စိုးရိမ်မှုကြောင့် ဆောင်းကို ရှိရာသို့ မကြာမကြာ လှည့်ကြည့်နေသည်။
ချုံနိမ့်၊ အပင်နိမ့်များ အဆုံးမှာတော့ နောက်ခံတောအုပ်ကြီးသည် သူတို့ကို ငုံ့ကြည့်နေသလို ဟိန်းဟိန်းထနေကာ စိမ်းစိမ်းစိုနေသည်။ လေအေ၀ှ့မှာ ယိမ်းထိုးသွားသည့် သစ်ရွက်လှုပ်သံ၊ သစ်ကိုင်းခတ်သံများကို ကြားနေရသည်။
"အစ်ကို ရရဲ့လား"
"ရတယ် ညီလေး"
ချွေးကိုသုတ်ပြီး ကောင်လေးကို ပြုံးပြသည်။ မောသံပါပေမယ့် မတတ်နိုင်။ ဆောင်းကိုသည် ပိန်ပိန်ပါးပါးနှင့် အကြမ်းခံနိုင်သူတစ်ယောက်မဟုတ်။ ဒေသခံကောင်လေးက သူ့ထက်ပိုပိန်သော်လည်း အရိုးနေရာတွင် စတီးချောင်းထည့်ထားသည်လား ထင်ရအောင် သန်မာသည်။ ရိုးရိုးခြေညှပ်ဖိနပ်နှင့် တောင်တက်နိုင်သည့် အံ့မခန်းလူငယ်လေးပင်။
ဒဲရစ်ခ် သည် ရှေ့ဆက်မလျှောက်ဘဲ တောစပ်နားမှာ ရပ်နေသည်။ အာရုံစူးစိုက်ထားသော မျက်ခုံးများသည် တွန့်ချိုးနေသည်။ အရင်နေ့များကလို စကားမများ။ မေးခွန်းသိပ်မထုတ်။ ဆိတ်ဆိတ်နေပြီး ပတ်၀န်းကျင်ကိုသာ လေ့လာနေသည်။
YOU ARE READING
တောင်တောရယ်သာ
Romanceတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...