"ကိုကို.."
ခေါ်သံသည် အရင်အချိန်များကလိုပင်။ နဖူးထက်မှ အကောက်အတွန့် ဆံပင်လိပ်များကြောင့် လူမှားနိုင်စရာမရှိသလို မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြစ်သော အပြုံးလက်လက်သည်လည်း ဟိုးအရင်အချိန်များကလိုပင်။ ဖြစ်နိုင်ပါ့မလားဟူသော အတွေးနှင့်အတူ မယုံနိုင်စွာ ငေးကြောင်နေမိသည်။ တစ်သက်လုံးအတွက် နှုတ်ဆက်ထွက်သွားသူသည် မျက်စိရှေ့မှာ။ တိုက်ဆိုင်သည်ဟု မယူဆနိုင်။
"ဟန်နီ.. မင်း.."
နှုတ်ခမ်းကိုပိတ်ကာ အသံကိုတိတ်စေသည်။ ဟန်နီ ဆိုသည်မှာ တစ်ချိန်က အခေါ်အေ၀ါ်တစ်ခု။ ယခုအချိန်တွင် သူ့ရှေ့မှာရှိနေသူသည် ကောင်းမြတ်နိုင်။ အချိန်တွေကြာခဲ့ပြီဖြစ်သလို သူတို့နှစ်ယောက်ကြားမှာ စည်းတွေခြားခဲ့ပြီ။ သူငယ်ချင်းဟု သတ်မှတ်၍မရနိုင်တော့သလို သူစိမ်းဟုလည်း မဆိုနိုင်သောအဖြစ်တစ်ခု။
"တစ်ယောက်တည်းလား ကိုကို၊ မင်း အချိန်ရတယ် မဟုတ်လား၊ ငါနဲ့ လိုက်ခဲ့ဦး၊ ငါ မင်းကိုပြောချင်တာတွေ အများကြီးပဲ"
အရင်အချိန်များကလိုပင် သူ ဖြစ်ချင်သည်များကိုသာ ပြောသည်။ နှုတ်ခမ်းထက်နှင့် မေးစေ့အောက်နားတွင် မရိပ်ဖယ်ထားသော မုတ်ဆိတ်မွှေးများကြောင့် မျက်နှာရင့်နေသလိုထင်ရသော်လည်း ကောင်းမြတ်နိုင်သည် ကျောင်းတုန်းကလိုပင် နုပျိုဆဲပင်။ "ငါ မအားဘူး" ဆိုသည့် ခပ်လွယ်လွယ်အကြောင်းပြချက်ကို သုံးကာ နှုတ်ဆက်စကားကိုပြောပြီး ရှောင်ထွက်သွားရန် ကြိုးစားဖြစ်သည်။ သို့သော် အေ၀းကိုမရောက်လိုက်။ ဘီးတစ်လုံးချင်းလှိမ့်ကာ ကပ်ပါလာသော ကားလေးသည် ဆောင်းကိုနောက်မှ တောက်လျှောက်လိုက်လာသည်။
"မင်း အိမ်ထိ ငါ လိုက်ခဲ့မှာ ကိုကို"
"ငါတို့ ဘာမှပြောစရာမရှိဘူး"
"ဒါက မင်းဖက်ကလေ၊ ငါ ပြောစရာရှိတယ်"
"ငါ မကြားချင်တော့ဘူး"
မကြားချင်တော့တာ မဟုတ်။ မကြားရဲတော့တော။ အကြိမ်ကြိမ်အထပ်ထပ် ဒဏ်ရာရခဲ့သော သူ့ နှလုံးသားက မကြင်နာသည့် စကားများကို ထပ်မံနားထောင်နိုင်စွမ်း မရှိတော့။ ချစ်မိကြတာခြင်းအတူတူ နောက်ဆုံးအချိန်မှာ အပြစ်ရှိသူက သူသာဖြစ်ခဲ့ဖူးသည်။
BINABASA MO ANG
တောင်တောရယ်သာ
Romanceတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...