ခြေသံတွေကို ကြားနေရသည်။ ဒီအိမ်မှာ တဒုန်းဒုန်းနှင့် အသံမြည်အောင် ဖိလျှောက်တတ်သူ တစ်ယောက်တည်းရှိသည်။ ခေါင်းအုံးပေါ်မျက်နှာမှောက်ပြီး ဆောင်းကို ဆက်အိပ်နိုင်အောင် ကြိုးစားသော်လည်း မအောင်မြင်။ ခြေသံများက အနားမှာရပ်ကာ ဘေးနားတွင် ၀ုန်းခနဲ ထိုင်ချသံကို ဆက်တိုက် ကြားရသည်။
"ကိုကို... ထ တော့ဗျ"
"သားငယ်.. မင်းအစ်ကို ခရီးပန်းလာတာကို၊ အိပ်ပါစေ"
"မနက်ကတည်းက အိပ်နေတာ"
"တစ်ခါတလေ နားရတာကိုဟယ်၊ ဒီကောင်လေးကတော့"
"နေ့လယ်စာ စားဖို့ စေတနာနဲ့ နှိုးပေးတာပါ မေကြီးရ၊ မေကြီးချက်ထားတဲ့ဟင်းတွေ အေးကုန်မှာစိုးလို့"
မိခင်ဖြစ်သူနှင့် ညီငယ်၏ အပြန်အလှန်စကားများကြောင့် မျက်လုံးမဖွင့်ချင်၍မရ။ မထ မချင်း စကားများနေမည်ဖြစ်သည်။ ရန်ကုန်အိမ်ရဲ့ အငွေ့အသက်သည် မိုးညီညီ၏ စကားသံများကို သည်းခံရခြင်းပါ ပါ၀င်သည်။
"ဟော.. ဟော နိုးပြီဗျ၊ မေကြီးရဲ့ သားကြီးနိုးပြီ"
ရေစက်လက်နှင့် ခြောက်အောင် မသုတ်ထားသည့် ရေစိုလက်ကို တွန်းဖယ်လိုက်သည်။
"ဖယ်စမ်းပါ ညီရာ၊ မင်းလက်အေးကြီးနဲ့"
"သားကြီး.. နိုးပြီဆိုရင် ထမင်းလာစား၊ ခူးထားပြီးပြီ၊ မေမေ စာသင်စရာရှိလို့ သွားဦးမယ်၊ အငယ်ကောင်.. ဆိုင်ကို ကြည့်ထားနော်၊ ဂိမ်းပဲ မကစားနဲ့"
"ရက်စ် ပါ မိုင်မားသားကြီး" လုပ်နေသည့် ညီငယ့်အဖြေကို နားမထောင်ဘဲ မေမေ အိမ်အောက်ဆင်းသွားပြီ။ ခြင်းတောင်းလေးဆွဲသွားသည်။
မေမေသည် စာသင်ရသည်ကို ၀ါသနာပါသည်။ ဆောင်းကို ငယ်စဥ်ကတည်းက မှတ်မိနေသော မေမေသည် အဖြူအစိမ်း၀တ် ပန်းတွေေ၀နေသော ဆံထုံးလေးနှင့်ဖြစ်သည်။ သနပ်ခါးကို မှုန်နေအောင်လိမ်းပြီး ကျောင်းသွားတတ်သည့် မေမေ။ ကျောင်းမှအပြန် အသား၊ အသီးအရွက်နှင့် ဟင်းချက်စရာများ ၀ယ်လာတတ်သည်။ ကျောင်းသွားခြင်းတောင်းထဲမှာတော့ အဖြေလွှာတွေ၊ စာစစ်စရာတွေ ပြန်ပါလာသည်။ ကြိမ်လုံးတစ်ချောင်းထည့်ထားတတ်သော်လည်း ဟန်ပြရုံသက်သက်။
VOCÊ ESTÁ LENDO
တောင်တောရယ်သာ
Romanceတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...