ပထမဆုံးချစ်ရသူသည် သူ့ဘ၀ရဲ့ အမှားဖြစ်ခဲ့တာကို နောင်တ မရချင်တော့။ ထိုစဉ်က ခံစားချက်များသည် အလိမ်အညာတွေမဟုတ်ခဲ့။ သို့သော် အချစ်ဆိုသည့် ခံစားချက်အပေါ် ယုံကြည်မှုတွေ ပြောင်းခဲ့ပြီ။ ရင်ခုန်တာသက်သက်ကို အချစ်ဟုမသတ်မှတ်ဖြစ်တာ ကြာခဲ့ပြီ။
လေးစားမှုနှင့် ယုံကြည်ခြင်းမပါသော မေတ္တာတရားသည် ဆောင်းကို အတွက် အချစ်မဟုတ်တော့။
ကောင်းမြတ်နိုင်နှင့် ပြန်ဆုံရသောကြောင့် ခံရခက်သော နာကျင်မှုများကို ပြန်သတိရမိသော်လည်း မုန်းတီးဒေါသတွေ မပါဝင်တော့။ ရှေ့ဆက်ရမည့် ဘ၀လမ်းများအတွက် ကိုယ်ပိုင်အတိတ်တွေကို လက်ခံနိုင်ဖို့ရန်သာ အရေးကြီးသည် မဟုတ်ပါလား။
မနက်ဖြန်ဆိုလျှင် ဘိုကလေးသို့ သွားရတော့မည်။ လိုအပ်သည့်ပစ္စည်းများကို ထည့်သိမ်းပြီးဖြစ်သော်လည်း စာအုပ်စင်နားသွားပြီး ယူသွားချင်သည့် စာအုပ်တစ်ချို့ရှာဖြစ်သည်။ လုပ်ငန်းဆိုင်ရာ မှတ်တမ်းများအားလုံးကိုတော့ ကျောပိုးအိတ်ထဲ ထည့်ပြီးသွားခဲ့ပြီ။
"ကိုကို.."
အခန်းဝမှ မိုးညီသည် မုန်လာဥနီကို ကိုက်စားနေရင်းက သွားတိုက်ဆေး ဗူးသစ်ကို ကမ်းပေးသည်။ မနေ့ညက သွားတိုက်ဆေး လိုနေသေးသည်ကို ပြောထားဖူးသည်ကို သတိတရ လာပေးခြင်းပင်။
"ကျေးဇူး ညီ"
"ကိုကို.. မင်းပြောပေးဦး"
"ဘာလဲ"
"မမဖြူ ငါ့ကို လက်မခံသေးဘူး"
ဆောင်းကို ညီဖြစ်သူကို မျက်မှောင်ကုတ်ပြီး မော့ကြည့်သည်။ ဖြူ့ရဲ့ ဆိုရှယ်မီဒီယာတွေကို လိုက်ရှာနေသည့် မိုးညီညီသည် ရောဂါသည်းနေပြန်ပြီ။ မိန်းမလှလေးတွေမြင်တိုင်း ရင်ခုန်တတ်သူသည် ဖြူ့ကို သဘောကျသည်မှာ မထူးဆန်းပါ။
"မင်း ဖြူ့ကို မနှောင့်ယှက်နဲ့ ညီ"
"ဘာလို့လဲ၊ မမဖြူကို မင်း သဘောကျနေတာလား"
စားလက်စ မုန်လာဥနီအရိုးနှင့် မျက်နှာနားထိုးပြောတော့ မထိအောင် ရှောင်လိုက်သည်။
JE LEEST
တောင်တောရယ်သာ
Romantiekတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...