"အရှင့်သား မယ်တော်ကြီးက အခစားဝင်ဖို့အမိန့်ပါးလိုက်ပါတယ်..အရှေ့ဘက် ဥယျာဉ်က အပန်းဖြေဆောင်မှာ မင်းကြီးနဲ့အတူစောင့်နေပါတယ် အမြန်ကြွခဲ့ပါတဲ့"
ရှောင်းကျန့် ပန်းချီဆွဲနေရာမှ စုတ်ချက်ကို တဝက်တပြတ်ရပ်၍ မျက်ခုံးတချက်ပင့်ကာ စုန့်ယန်ကို ကြည့်လိုက်သည်။ စုန့်ယန်လဲ အရှင့်သား ကမ်းပေးသော စုတ်တံကို လှမ်းယူ၍ အရှင့်သား၏ အဓိပ္ပါယ်ပါသောအကြည့်ကို နားလည်ကြောင်း ခေါင်းအသာငြိမ့်ပြလိုက်၏။
မယ်တော်ကြီး နန်းဆောင်မှ ထျန်းကုန်းကုန်းက ခေါင်းကိုအသာငုံ့၍ အိမ်ရှေ့စံ၏ အဖြေကို စိတ်လှုပ်ရှားစွာစောင့်နေမိသည်။အိမ်ရှေ့စံသည် မယ်တော်ကြီးအခစားဝင်ခိုင်းတိုင်း အကြောင်းပြချက်တခုမဟုတ်တခုပေးကာ ငြင်းတတ်သည်မို့ မယ်တော်ကြီးက သူ့အား အိမ်ရှေ့စံကိုမရရအောင် ခေါ်လာဖို့ မှာလိုက်ခြင်းကြောင့်ပင်။
"အကိုတော်ပါရှိနေတာလား"
"ဟုတ်..ဟုတ်ပါတယ် အရှင့်သား"
"ဘာကိစ္စတဲ့လဲ"
"ကျွန်တော်မျိုးသိရသလောက် မင်းကြီးကိုမိဖုရားမြောက်တင်ဖို့ မယ်တော်ကြီးက အရှင့်သားကို နားချပေးစေချင်လို့ပါ..အရေးကြီးတာမို့ အရှင့်သားပါဆက်ဆက်လာခဲ့ပါတဲ့"
ရှေ့သို့ ဝဲကျနေသောဆံနွယ်ကို နောက်ကိုသပ်သိမ်း၍ စုန့်ယန်ကို ပြင်ဆင်ဖို့အချက်ပြလိုက်သည်။ စက္ကူဖြူပေါ်က ဆွဲလက်စ ချာဟွားပန်းပွင့်နီရဲရဲတို့က မျက်လုံးထဲ တဖြည်းဖြည်းအကျည်းတန်ဆန်လာ၏။ဆက်ဆွဲရန်စိတ်ဆန္ဒက ကျပျောက်သွားတာမို့ စက္ကူကိုလုံးချေ၍လွှင့်ပစ်လိုက်သည်။ ထို့နောက် စုန့်ယန်ကိုပေးသော အပေါ်ထပ်ဝတ်ရုံကိုခြုံလိုက်ကာ ထျန်းကုန်းကုန်းကို အရင်သွားခိုင်းလိုက်၏။
(ချာဟွား = Camellia)
စုန့်ယန်သည် အရှင့်သား၏ မျက်နှာတော်အလိုအရ ရဲမက်တွေကို လိုက်မပို့ဖို့အချက်ပြလိုက်သည်။ ထို့နောက် လေးတွဲစွာ လျှောက်လှမ်းနေသော အရှင့်သားနောက်မှ ဆိတ်ငြိမ်စွာ ကပ်ပါလာလေ၏။
အရှင့်သား မျက်လုံးတော်တွင် အစောကကဲ့သို့ ကြည်လင်ရွှင်မြူးသည့် အရိပ်ယောင်များက ပျယ်လွင့်ကာ အတွေးတိမ်တိုက်တို့ဖုံးလွှမ်းနေလေသည်ကို စုန့်ယန် မြင်နေရလေသည်။
YOU ARE READING
The Everlasting Love (Yizhan)
Historical FictionHistorical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3) Historical Drama လေးပါ 🙆♀️❤Brownie ရဲ့ ဖင်မနိုင်ပဲပဲကြီးဟင်းစားခြင်း (3)