အပိုင်း(၁၂)

5.6K 558 68
                                    

မနက်ဆည်းဆာရောင်သည် အရှေ့ရပ်ဝန်းကနေ၍ တရိပ်ရိပ်ချီတက်လာလေပြီ။ အိပ်တန်းတက်ရမှ နိုးထလာသော ငှက်တို့က အတောင်ပံဖြန့်၍ မနက်ခင်းအစာရှခြင်းအမှုကိုပြုရန် ကောင်းကင်ယံသို့ချီတက်နေကြလေ၏။

ရှန့်ကုန်းကုန်းက နာရီမျှော်စင်မြင့်မှ အချက်ပေးသံကို နားစွင့်ရင်း သက်ပြင်းရှည်ချလိုက်သည်။ မင်းကြီး ဒီတခါလည်း စာကြည့်ဆောင်မှာတင် မိုးလင်းပေါက်နေပြန်ပြီဖြစ်သည်။ ငယ်ရွယ်သော ရည်မှန်းချက်ကြီးမားသော ဘုရင်တပါး၏ စိတ်ဓာတ်ပြင်းထန်မှု ခေါင်းမာမှုက ဘယ်လိုမှ ဖျောင်းဖျ၍မရနိုင်အောင်ပင်။

တံခါးဖွင့်သံနဲ့အတူ မင်းကြီး ထွက်တော်မူလာတော့ ရှန့်ကုန်းကုန်းနောက်တခေါက်သက်ပြင်းရှည်ချမိပြန်သည်။မျက်နှာတော်က ဖြူဖျော့နေ၍ မျက်ရိုးကို နှိပ်နေသော မင်းကြီးအား စိုးရိမ်စွာကြည့်ရင်း

"မင်းကြီး ညီလာခံဖျက်ပြီး ဒီနေ့တနေ့လောက် နားလိုက်ပါလား"

လီရှန်းက ခပ်သဲ့သဲ့ရယ်၍ ခေါင်းခါလိုက်ကာ

"ကုန်းကုန်းက ရယ်စရာပြောတတ်တယ်နော် ညီလာခံဆိုတာ ကလေးကစားစရာကျလို့"

" ကျွန်တော်မျိုး စိတ်ပူမိလို့ ဒီလိုမိုက်မိုက်မဲမဲပြောမိတာပါမင်းကြီး ခွင့်လွှတ်ပါ"

"မလိုပါဘူး ကုန်းကုန်းကိုစိတ်ပူမိစေပြီ ကုန်းကုန်းပြောတဲ့အတိုင်း မနက်ဖြန်တော့ ကောင်းကောင်းအနားယူဦးမှပါ"

"သင့်မြတ်လှပါတယ်မင်းကြီး"

"ဒီအချိန်ဆို ကျန့်အာ နိုးပြီနဲ့တူတယ် ကျန့်အာဆီသွားရအောင်"

ရှန့်ကုန်းကုန်းက အရိုသေပြုရင်း အိမ်ရှေ့နန်းဆောင်သို့လမ်းပြ၍ ခေါ်ဆောင်ခဲ့၏။ အိမ်ရှေ့စံနန်းဆောင်သို့  ကြွမြန်းလျှင် မင်းကြီးရဲ့ ခြေလှမ်းတွေက အမြဲတက်ကြွလန်းဆန်းနေတတ်သည်။ မင်းကြီးအတွက် အိမ်ရှေ့စံသည် အများတကာအငမ်းမရလောဘတက်၍ လိုချက်နေသော ရာဇပလ္လင်ထက်များစွာတန်ဖိုးရှိနေသည်ဟုပင် ခံစားရသည်အထိ မင်းကြီးရဲ့ညီတော်အပေါ်ထားသည့် သံယောဇဉ်ကကြီးမားလွန်းသည်ဟု ကုန်းကုန်းမြင်မိသည်။

The Everlasting Love (Yizhan)Where stories live. Discover now