ရှေ့က စားပွဲမှာ ချထားတဲ့ကော်ဖီခွက်ထဲက ကော်ဖီတွေက အေးစက်နေပြီ။
သူဒီနေရာမှာထိုင်နေခဲ့တာ ဘယ်လောက်များ ကြာနေပြီလဲ သတိမထားနိုင်တဲ့အထိ။
ကော်ဖီအေးအေးတွေကိုယူသောက်လိုက်မိတဲ့အခါ စိတ်ထဲအနည်းငယ်တော့ ကြည်လင်မှုမရှိ... ကော်ဖီဆိုတာ ပူပူလေးသောက်မှ အရသာပိုရှိတယ်လို့ တစ်ယူသန်ထားမိသူကိုး။
"မင်းကြောင့်လေ !"
"ရှင် ဖြစ်ပျက်နေတာတွေကရော... သားမျက်နှာကြောင့် ကျွန်မက သည်းခံနေတာ "
"မကျေနပ်ရင် အဲ့ကောင်ကိုပါခေါ်ပြီးဆင်းသွား"
ထိုစကားတွေက နားထဲမချိမဆန့်ဝင်လာတဲ့အခါ အေးစက်နေတဲ့ကော်ဖီသောက်ရတာထက်တောင် နှစ်မြို့ဖွယ်မကောင်းသေးတယ်။
ဆောင်းဦးရာသီမို့ အေးချမ်းနေတဲ့ပတ်ဝန်းကျင်က အဲ့ဒီ့ရန်ပွဲကြောင့် မလှပတော့ပေ။
လူငယ်လေးတစ်ယောက်က အတွေးတွေမချိဆန့်အောင် များတဲ့အခါ ခွက်ထဲကကော်ဖီတွေကုန်နေတာတောင်မသိဘဲ ဆက်မော့သောက်နေမိတယ်။
စိတ်ညစ်စရာသိပ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို သူကစိတ်ကုန်နေပြီ။ အခွင့်ရေးရရင် ရသလိုထွက်သွားချင်မိတယ်။ အားလုံးကို ထားရစ်ခဲ့ပြီး အဝေးဆုံးတစ်နေရာမှာ တိတ်တိတ်ကလေးပျော်ရွှင်ချင်တယ်။
စကားသံကျယ်ကျယ်တွေစဲသွားပြီဖြစ်တဲ့ အိမ်တွင်းရန်ပွဲရဲ့ ရလဒ်ကတော့သူ့ကို စက်ဘီးတစ်စီးနဲ့ ထွက်သွားစေခြင်းဖြစ်တယ်။
ဆယ်နှစ်ပြည့်မွေးနေ့တုန်းက ရထားခဲ့တဲ့ စက်ဘီးလေးက ခြောက်နှစ်ကျော်သက်တမ်းကြာခဲ့တာတောင် အခုထိအကောင်းတိုင်း။
စိတ်မကြည်တဲ့ညနေခင်းဖက်တွေဆို မြက်ရိုင်းတွေခြံရံတဲ့လမ်းကျဉ်းလေးထဲမှာ သူကစက်ဘီးစီးလေ့ရှိတယ်။ ဖက်ဖူးစိမ်းရောင်ဆွယ်တာခပ်ပါးပါးလေးဝတ်ထားတဲ့သူက လေပြေလေးလို ပေါ့ပါးရခြင်းကိုနှစ်သက်တယ်။
စက်ဘီးလက်ကိုင်မှာ ညီမလေးတပ်ပေးထားတဲ့ ဖဲကြိုးအစိမ်းရောင်လေးတွေက တဖြတ်ဖြတ်နဲ့။ မိန်းကလေးဆန်တာကို မကြိုက်ပေမယ့် ညီမလေးစိတ်ကြိုက်မို့ သူသဘောကျတယ်။
![](https://img.wattpad.com/cover/243281197-288-k879596.jpg)