ချစ်ခြင်း၏စီးဆင်းရာ Ep-15
Zawgyi
နောက်တစ်ခေါက် ဖုန်းထပ်ဆက်တော့ နောက်တစ်နေ့နံနက်(5:00)ခန့် ဖြစ်သည်။ ရီပေါ် အိပ်ရေးပျက်ထားမှုကြောင့် ထိုအချိန် အိပ်ရာက မထသေးပေ။
"တူ...တူ...တူ"
သူ့အိပ်ရာဘေးရှိဖုန်းက ထမြည်လာတော့ ရီပေါ် အလန့်တကြားနိုးလာပြီး ကောက်ကိုင်လိုက်သည်။
"ဦးဝမ်ရီပေါ် ဖုန်းဝင်လာလို့ လိုင်းချိန်းပေးလိုက်မယ်နော်၊ ပြောမှာမဟုတ်လား"
"ဟုတ်ကဲ့ ပြောမှာပါ"
ရီပေါ် ပျာပျာသလဲပြောလိုက်တော့ ဖုန်းကိုလိုင်းချိန်းပေး၏။
"ကျန့်ကျန့်ဆီကလား ပြော"
"ကျွန်မ Yunhe Districtလမ်းမကြီးပေါ်က တိုက်အဝါလေး အဲဒီတိုက်ထဲမှာ ကျန့်ကျန့်ရှိနေတယ်၊ အရှေ့ပေါက်ကမဝင်နဲ့ နောက်ပေါက်ကဝင်၊ နေ့ခင်းထမင်းစားချိန်ရောက်ရင် သူတို့မရှိဘူး၊ သူတို့ ကားပျက်နေတယ်၊ ဘာပြဿနာမှမဖြစ်ဘဲ ကျန့်ကျန့်ကို လာခေါ်ပါ၊ ဘယ်မှလဲမတိုင်နဲ့တော့ တိုင်လိုက်ရင် သူတို့ နေရာရွှေ့သွားမှာ စိုးရတယ်လို့ ကန်ကလေးပြောတယ်"
"အင်း၊ အင်း ကျန့်ကျန့်ကို သူတို့ဘာမှမလုပ်ဘူး မဟုတ်လား"
"မလုပ်ပါဘူး အစ်ကို၊ ကားမယူလာနဲ့နော် ဦးဝမ်ရီပေါ်ကိုလည်း သူတို့ကစောင့်ကြည့်နေတာ ကားယူလာရင် သိသွားမယ်နော်၊ နောက်ပြီး ပိုက်ဆံယူခဲ့ပါတဲ့"
တစ်ဖက်မှ ကုလားမက အကုန်ပြော၏။
"အင်းပါ စိတ်ချပါ"
"ဒါဆို ကျွန်မ ဖုန်းချလိုက်တော့မယ်၊ အခု လာခဲ့နော်၊ ဆက်ဆက်လာခဲ့ သူတို့ နေရာပြောင်းဖို့အစီအစဉ်ရှိတယ်၊ Beijingကို သွားမလားမသိဘူး၊ သူတို့နော် အခု ကားသွားပြင်နေကြတယ်"
"အင်းပါ ငါ အခုရောက်အောင်လာခဲ့မယ်"
တော်ပါသေးရဲ့ ကံကောင်းထောက်မလို့ သူနှင့်ကောင်ကလေး အဆက်အသွယ်ပြန်ရတာ.....
ရီပေါ် လေကို ခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ သူ့ရင်ထဲမှာ ရှောင်ကျန့်ကို စိုးရိမ်စိတ်တွေက နေရာအနှံ့အပြား ဝင်ယူထားတော့၏။ နောက်ဆုံး သူ့စိတ်တွေ ဘယ်လိုမှ မငြိမ်သက်သည့်အဆုံး ဒေါ်ရီရှုဟန်ဆီ ဖုန်းခေါ်လိုက်တော့သည်။