ချစ်ခြင်း၏စီးဆင်းရာ Ep-20
Zawgyi
"အန်တီ ထည့်စားနော် အာမနာနဲ့၊ စားရတာ အဆင်ပြေရဲ့လား၊ ရီပေါ်ရော အဆင်ပြေရဲ့လား၊ လိုက်ပွဲ ထပ်ယူဦးမလား"
ယွေ့ဖိန်လီ၏ ပျာပျာသလဲ ဂရုစိုက်မှုကြောင့် သူရောမားပါ အနေရခက်နေစေသည်။
အမှန်ကတော့ မားက လိုက်ချင်လွန်း၍ လိုက်လာသည်မဟုတ်။ သူ့ကို ယွေ့ဖိန်လီတို့အိမ်သို့ တစ်ယောက်တည်း မလွှတ်ချင်သောကြောင့်ပင် ဖြစ်လိမ့်မည်ဟု သူရိပ်မိသည်။
မားက ဤကမ္ဘာပေါ်တွင် သူနှင့်တန်သော မိန်းမနှင့်ယောကျာ်းဟူ၍ ရှောင်ကျန့်တစ်ယောက်တည်းသာ ရှိသည်ဟု ထင်မှတ်နေပုံရ၏။
လည်ပုံရသော ယွေ့ဖိန်လီ၏မားက မားနံဘေးတွင် ဝင်ထိုင်လိုက်သည်ကြောင့် မား တွန့်ခနဲ ဖြစ်သွား၏။
"ကျွန်မတို့မှာလည်း အသက်အရွယ်တွေက ကြီးလာပြီဆိုတော့ သားသမီးတွေ နောင်ရေးအတွက် စိတ်ပူရတယ်၊ ကျွန်မမှာလည်း ဒီသမီးတစ်ယောက်အတွက်နဲ့ပဲ စိတ်ပူနေရတယ်၊ အမြင်မတော်တာရှိရင်လည်း ဆုံးမပါ၊ ကိုယ့်သမီးလေးလို သဘောထားပါ အစ်မကြီးရယ်"
"ဟုတ်ကဲ့ပါ၊ ကဲ သားရေ မားတို့သွားစရာရှိသေးလို့ ခွင့်ပြုပါဦး သွားလိုက်ပါဦးမယ်"
မားက ယဉ်ကျေးချိုသာစွာ နှုတ်ဆက်ပြီး ထပြန်လာခဲ့ကြသည်။
"ယွေ့ဖိန်လီတို့မားကလည်း လည်လိုက်တာမှ မွတ်နေတာပဲ သားရယ်၊ မား မသိဘဲ အဲဒီအိမ်ကို သွားမလည်မိစေနဲ့နော်"
"အင်းပါ မားကလည်း ပူစရာမရှိ ကြံဖန်ပြီးပူတယ်"
ပူပူပင်ပင်ပြောနေသော ဒေါ်ရီရှုဟန်ကိုကြည့်၍ ရီပေါ် ရယ်မောမိသည်။
"ဘာပဲဖြစ်ဖြစ် မားသမက်လေးနေရာမှာတော့ ကျန့်လေးကလွဲပြီး တခြားဘယ်သူ့ကိုမှ ကြည့်လို့မရဘူး၊ သား ဘာလို့ ကျန့်လေးကိုငြင်းတာလဲ၊ မား စဉ်းစားလို့တောင်မရဘူး၊ သား ယွေ့ဖိန်လီကလည်း စိတ်ဝင်စားပုံ မပေါ်ပါဘူး"
မားက တွေးတွေးဆဆပြော၏။ တကယ်တော့ မားက သူ့ရဲ့အရိပ်အကဲအားလုံး သိနားလည်ပါသည်။ သူ ဘာမှပြန်မပြောဘဲ သက်ပြင်းကိုသာ ခပ်ဖွဖွချမိ၏။