ဗလာကျင်းနေတဲ့စာအုပ်အလွတ်တစ်အုပ်ကို စာလုံးခပ်ညီညီတွေနှင့်တိတ်တခိုးဖြည့်ပေးဖူးတဲ့ လူမသိသူမသိကောင်မလေးတစ်ယောက်ရဲ့ ရင်ကွဲနာဒဏ်ရာတစ်ခုကိုရော ဘယ်သူကကွက်လပ်ဖြည့်နိုင်မယ်ထင်သလဲ။ တစ်ယောက်သောစာအုပ်ပိုင်ရှင်သာလျှင် ဒဏ်ရာတွေဖြည့်ပေးနိုင်မယ်ထင်ခဲ့မိတဲ့ မယဉ်သင့်တဲ့စိတ်ကူးအိပ်မက်တောင်မှ လွင့်ပြယ်လို့သွားခဲ့ပြီးပြီမဟုတ်လား။
မဆုံနိုင်ပါဘူး ငါတို့တွေဘယ်သောအခါမှ ဆုံနိုင်ဖို့မရှိတော့ပါဘူး။ လူမသိသူမသိသာငိုကြွေးပြီး အသံတိတ်ကျကွဲသွားတဲ့နှလုံးသားကို ပြန်ကောက်သိမ်းလိုက်တော့မယ် သင်္ခါရ။ ကမ္ဘာပေါ်မှာမရှိတဲ့လူတစ်ယောက်က အချစ်ဆိုတာကိုမျှော်လင့်လို့မှမသင့်တော်တာလေ နိုးထခွင့်ပေးခဲ့တာကိုပဲကျေးဇူးတင်နေရသူပါ။ ထာဝရထက်တသက်ပိုစွာ မင်းကိုချစ်သွားခဲ့တဲ့လူတစ်ယောက်ကို မှတ်ဥာဏ်တွေထဲမှာအပိုင်းအစတစ်ခုအဖြစ် သိမ်းဆည်းထားပေးရင်ကို နိယာမဆိုတဲ့ငါ့ကို အမှတ်ရပေးမယ်ဆိုရင်ကိုပဲ ကျေနပ်ပီတိဖြစ်နေမှာ။ နှုတ်ဆက်ပါတယ် သင်္ခါရ အမြဲချစ်ခဲ့ပါတယ်။
* လုပ်ပြီ အခုကတည်းက *
* part oneကတည်းက စသတ်နေပြီလား authorရေ *
* စဆုံးပြီးမှဖတ်တော့မယ် သာသာ *
* ဆိုက်ကိုဖောက်နေတာများလား အရင်တစ်ခုကလည်းSE အခုလည်းခေါင်းစားအောင်လုပ်နေတယ် *
* မဖတ်တော့ရင်ကောင်းမယ် >< *
လက်ထဲဟာတာတာဖြစ်နေတဲ့ခံစားချက်ကို ခဏလျစ်လျူ ရှု့လိုက်ပြီးတော့ ချက်ချင်းရေးတင်လိုက်သောစာတစ်ပိုင်းရဲ့ ဝေဖန်ချက်တွေကိုထိုင်ဖတ်နေလိုက်သည်။ ဇာတ်လမ်းသစ်တင်မယ်အသိမပေးထားဘဲ တစ်ပတ်စောတင်လိုက်တဲ့ဇာတ်လမ်းလေးက အခုလိုပြင်းထန်တဲ့ဝေဖန်ချက်ကိုရလိမ့်မယ်ဆိုတာ ကြိုသိနေပြီးသားကိစ္စတစ်ခုလို ပြုံးရုံသာပြုံးမိခဲ့သည်။
ကွန်ပြူ တာမျက်နှာပြင်ထောင့်မှာ ခပ်ရိပ်ရိပ်မြင်နေရတဲ့ လှုပ်ရှားလာဟန်ရှိသောလူရိပ်က ဆက်သကိုထိုင်ခုံကနေထကာ ထိုလူသားရှိရာဆီကိုလှမ်းသွားမိစေသည်။ အနားကိုရောက်သွားတော့ ကိုယ်ကိုကိုင်းရုံလေးငုံ့ကြည့်ပြီး အခြေအနေကိုအကဲခတ်ဟန်ဖြင့်ကြည့်လိုက်ရင်း ကိုယ်ကိုအသာပြန်မတ်လိုက်သည်။
" မင်းသက်သာရဲ့လား..... အခန်းလျို့ဝှက်ကုတ်မသိလို့ ဒီတိုင်း "
ဘာဆက်ပြောရမှန်းမသိဘဲ စကားလုံးကိုခဲယဉ်းစွာစဉ်းစားနေရင်း ခပ်ပါးပါးလေးပြုံးပြလာတဲ့အပြုံးတစ်ပွင့်ကို ပြန်လည်ငေးစိုက်ကာကြည့်မိသည်။ အိပ်ရာကိုလက်ဖြင့်အားပြုကာထရပ်လာသော အပြုံးနုနုနှင့်မျက်နှာလေးကို တွေဝေစွာစိုက်ကြည့်ရင်း သတိမထားမိလိုက်ခင်မှာ လက်မောင်းလေးတစ်ဖက်ကိုထိန်းကိုင်နှင့်ခဲ့သည်။
" မင်းပုံက အားနည်းနေသလိုမို့လို့ "
ဘာကြောင့်ရယ်မသိသော စိုက်ကြည့်နေသောမျက်ဝန်းတစ်စုံကြောင့် ရှင်းပြမလိုလုပ်နေသောစကားတွေက လည်ချောင်းထဲတင်တစ်ဆို့သွားရသည်။ တစ်ခုခုပြန်ဖြေမယ့်ပုံမရတဲ့ မျက်ဝန်းနီရင့်ရင့်ပိုင်ရှင်ကတော့ နှုတ်ခမ်းကိုမဟတဟဖွင့်ပြီး ငေးကြည့်ရင်းငေးကြည့်နေသည်။
" အာ..... မင်း အမ်မီကိုရှာနေတာဆိုရင် စိတ်မပူနဲ့ ဧည့်ခန်းမှာတီဗီဖွင့်ထားပေးခဲ့တယ် "
" ဘယ်လောက်တောင်ကြာခဲ့ပြီလဲ "
" ဘာကိုလဲ ? မင်းမေ့သွားတာဆိုရင် လေးနာရီနဲ့ ငါးဆယ့်ငါးမိနစ်ရှိပြီ..... အခု မနက်လေးနာရီခွဲ ခွဲ "
လက်ပတ်နာရီအနက်ကို အင်္ကျီလက်အသာဖယ်ကာကြည့်ပြီးပြောနေခိုက် ရုတ်တရပ်ဆန်တဲ့ပွေ့ဖက်မှုကြောင့် ပင့်သက်ရှိုက်ကာအောင့်ထားမိသည်။ လက်နှစ်ဖက်ကလည်းဆန့်ဆန့်ကြီး လေထဲမှာတန့်လို့နေတဲ့အပြင် ဖက်ထားဖို့သင့်မသင့်အတွေးနှင့် တွန်းဖယ်ရမလား ဆက်ပွေ့ဖက်ထားရမလားကို ဦးဏှောက်ကဝေခွဲဆုံးဖြတ်မရဖြစ်သွားသည်။
..............................................................
အချိန်မတော်ဝင်လာတဲ့ဖုန်းကိုဖြေပြီးတော့ လေညင်းတွေတိုက်ခတ်နေတဲ့ ဟိုတယ်ခန်းရဲ့ဝရံတာမှာရပ်လိုက်ပြီး လက်ထဲကဆွဲကြိုးကို ညမီးရောင်အောက်မှာဖြန့်ကြည့်မိသည်။
" တို့ပြန်လာပြီ ဆက်..... တို့ပြန်လာတော့မှာမို့ တစ်ချိန်တုန်းကလိုပဲဖမ်းဆွဲထားပေးပါ "
လှုပ်ရှားလိုက်တိုင်းမှာလည်သွားတဲ့ လက်ထဲကဆွဲကြိုးလေးမှာ မျက်ဝန်းမှအရည်ကြည်တို့ကြောင့် ကောင်းစွာပင်မမြင်ရသော်လည်း Sinnစာတန်းလေးကို သေချာပုံဖော်ပေးအပ်ခဲ့သူမျက်နှာကိုတော့ ကောင်းစွာမြင်ယောင်နေပေသည်။
ရယ်လိုက်ရင်ကွေးတက်သွားတဲ့နှုတ်ခမ်းလေးက စကားပြောလိုက်တိုင်းမှာပြုံးနေတတ်သည်။ သူမလောက်မျက်တောင်မထူလှသော်လည်း ရှည်လျားကာခပ်စင်းစင်းလေးဖြစ်နေတဲ့ မျက်ဝန်းလှလှလေးတစ်စုံက အမြဲတစေခိုးကြည့်နေတတ်သေးသည်။ ထိုမျက်ဝန်းလှလှလေးရဲ့ မျှော်လင့်ချက်တစုံတရာကို မပြတ်မသားဖြစ်အောင်လုပ်ပြီးရိုက်ချိုးတိုင်း အဝေးကိုငေးသွားတတ်တဲ့ ဘေးတိုက်အနေအထားရဲ့အလှတရားကိုလည်း လွမ်းမောမိသည်။
ရှစ်နှစ်တောင်ကြာသွားခဲ့ပြီလားလို့ စိတ်ထဲကရေရွတ်လိုက်တော့ ကြည်လင်လာတဲ့အမြင်အာရုံက ဘယ်ဘက်လက်ကောက်ဝတ်ဆီမှ ဖြတ်ကြောင်းရာတစ်ခုအား ကြည့်မိလျက်သားဖြစ်သွားသည်။ အသည်းပုံသဏ္ဍာန်နှုတ်ခမ်းလေးက အလိုလိုပင်နာနာကျင်ကျင်ပြုံးမိသွားခဲ့ပြီး အဝေးကိုငေးသယောင်ယောင်နှင့် အတိတ်နေ့များကိုရွက်လွှင့်နေခဲ့သည်။
" ဟင့်အင်း အမှတ်သည်းခြေမရှိတာမဟုတ်ဘူး..... အသည်းနှလုံးမရှိတဲ့ရှင့်ရဲ့လက်ထပ်ပွဲကို ရှင်ချစ်တဲ့သူလက်တွဲပြီးပျော်နေတာကို အသည်းမာအောင်လာကြည့်ရုံပဲ "
အပြာရောင်သတို့သမီးဝတ်စုံနဲ့ကောင်မလေးကို နာကျည်းစွာကြည့်ပြီးပြောနေသော မျက်ဝန်းအိမ်တွေနီရဲနေတဲ့ အပြာနုရောင်တီရှပ်လေးနှင့်ကောင်မလေးတစ်ယောက်။ အနားရောက်လာတဲ့အဖြူ ရောင်ဝတ်စုံနှင့်သတို့သားကြောင့် နှုတ်ခမ်းလွန့်ရုံသာပြုံးလိုက်သော တီရှပ်အပြာနုနုဝတ်ထားတဲ့ကောင်မလေးကို သတို့သမီးမှာမငိုဘဲတင်းခံကာကြည့်နေသည်။
" နှင်စရာမလိုအောင် နောက်ထပ်လာမတွေ့ဖို့ အကြောင်းပြချက်ခိုင်လုံသွားပြီမို့ Goodbyeလို့ပဲဆိုပါရစေ..... မပန်ဆင်းနီသွေး "
ထိုချိန်က ထွက်သွားတဲ့နောက်ကျောကိုလှမ်းဆွဲဖို့ သူမအနေနဲ့ ဘယ်လိုမှတွေးတောခွင့်မရှိတဲ့အတွေးတစ်ခုဆိုတာ သူမကိုကျောခိုင်းသွားတဲ့သူကသိခဲ့မလား။ သိခဲ့ရင်လည်း ရှေ့ဆက်ဖို့နားလည်မှာမဟုတ်တဲ့ အကြောင်းတရားတွေက ရင်ဆိုင်ဖြေရှင်းဖို့လွယ်ကူမှာမှမဟုတ်တာ။
နှုတ်ခမ်းကိုပြုံးရုံသာကွေးညွတ်လိုက်ပြီး မွန်းကျပ်တဲ့အတွေးတွေကနေရုန်းထွက်ရင်း ရောင်နီလာစပြုတဲ့ကောင်းကင်ကြီးကို အိပ်စက်ဖို့အတွေးမရှိသလိုငေးနေမိသည်။ လက်ထဲမှာဆုပ်ကိုင်ထားတဲ့ဆွဲကြိုးကိုတော့ မလွတ်တမ်းဆုပ်ထားပြီး ပြာရီမှိုင်းရာကအလင်းရောက်လာတဲ့ နံနက်ခင်းအလှကိုသာ ဝရံတာကနေသူမမော့ကြည့်နေမိတော့သည်။
" နှင်စရာမလိုအောင် နောက်ထပ်လာမတွေ့ဖို့ အကြောင်းပြချက်ခိုင်လုံသွားပြီမို့ Goodbyeလို့ပဲဆိုပါရစေ..... မပန်ဆင်းနီသွေး "
သူမအတွက်အရက်စက်ဆုံးစကားကို အာရုံတခြားပို့ထားသည့်တိုင်ကြားနေရတာက လွန်ခဲ့သောရှစ်နှစ်ကတည်းကစတင်ခဲ့တဲ့ အသံတိတ်ရလိုက်တဲ့အပြစ်ဒဏ်တစ်ခုလေလား။ အကြောင်းပြချက်ဆိုတာ လူကပဲလုပ်ယူတာမလို့ သူမဘက်ကကြိုးစားခွင့်တော့ရှိသင့်တယ်ဆိုပြီး အတ္တတစ်ခုထားလို့ရနိုင်မလား။
အရင်တစ်ချိန်ကရော အခုထက်ထိတိုင်အောင် လူတစ်ယောက်ကိုစွဲလမ်းနေသေးတဲ့ သူမနှလုံးသားလေးက လူမသိသူမသိသောညတွေမှာ ချိုမြရီဝေသောဝိုင်တွေနှင့်သာ အသားတကျဖြစ်နေခဲ့သည်မှာကြာလေပြီ။ သူမနှလုံးသားက လူတစ်ယောက်ကိုသာ ပိုင်ရှင်အဖြစ်မှတ်ယူထားခဲ့သည်မို့ ဘယ်သူတွေဘယ်လိုပင် သူမစိတ်ကိုတိမ်းညွတ်အောင်လုပ်လုပ် ဘယ်လိုပဲသူမကိုပိုင်ဆိုင်ခွင့်ရအောင်လုပ်နေနေ ထူးမခြားနားသာဖြစ်ပေလိမ့်မည်။
အရမ်းလွမ်းနေခဲ့ပါတယ် ဆက်.....
...........................................................
အချိန်တွေဘယ်လောက်ကြာသွားခဲ့ပြီလဲ။ နာရီတွေတရွေ့ရွေ့သွားနေခြင်းက အရာရာကိုပြောင်းလဲအောင်ဆုံးဖြတ်ပေးမယ့် သမာဓိရှင်ကြီးလို့ထင်မှတ်ခဲ့သည်။ ရူးမိုက်ရာကျဖို့ကောင်းအောင် အချိန်တွေကိုကုန်ဆုံးအောင်ဆိုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်အောင်နေခဲ့ကာမှ ဖမ်းဆုပ်ခွင့်မရှိတဲ့အရိပ်လေးရဲ့ခြေတော်ရင်းမှာ အလွယ်တကူဒူးထောက်သွားခဲ့ရပြီ။
" ဒီ ဒီမှာ ဒီကတစ်ယောက် "
ခေါ်သံကြားတော့မှ အသိပြန်ဝင်လာခဲ့ပြီး ပခုံးကိုထိရုံထိကာနေသော အသံရှင်၏မျက်နှာကိုမော်ကြည့်မိသည်။ မအေးစက်သော်လည်း တင်းမာသယောင်ရှိနေတဲ့မျက်နှာထားမှာ ငုံ့ကြည့်နေတဲ့မျက်ဝန်းတစ်စုံက သိပ်ကိုနူးညံ့နွေးထွေးလွန်းနေသည်။
ဘာကြောင့်ရယ်မှန်းမသိဘဲ တစ်ချက်ကလေးပြုံးသွားမိခြင်းက ရွှေပလ္လင်စံဆိုသော သူမရဲ့အပြုအမူတွေမဟုတ်မှန်းသိသော်လည်း စဉ်းစားရခက်အောင်ပင် မျက်ဝန်းတစ်စုံကိုငေးစိုက်ကြည့်ရုံနှင့် ပြုံးတတ်လာခဲ့သည်။ ပြုစားတတ်တဲ့လျို့ဝှက်ပညာတွေများ ထိုမျက်ဝန်းပိုင်ရှင်ကတတ်မြောက်ထားလို့ အတည်တကျမပြုံးတတ်တော့တဲ့သူမရဲ့စိတ်ကို ပြုံးတတ်ဖို့စေစားခဲ့တာဖြစ်မည်။
" ရွှေပလ္လင်စံ ဒီကတစ်ယောက်မဟုတ်ဘူး "
ပလ္လင်စကားကို မျက်ခုံးပင့်ပြလေသောသူက နှုတ်ခမ်းလေးကိုသိသိသာသာပြုံးပြလာသည်။ သူ့ခါးပေါ်မှာချိတ်လို့ထားတဲ့ ပလ္လင်ရဲ့လက်နှစ်ဖက်ကို အသာပင်ဆွဲကာဖယ်လိုက်သည်။ ဘာမှမပြောသေးဘဲ အတန်ကြာစိုက်ကြည့်နေပြီးတော့ ပြုံးမယောင်ယောင်နှင့် တစ်ဖက်ကိုမျက်နှာလွှဲကာ ပလ္လင်ကိုကျောခိုင်းလေသည်။
" အမ်မီရှိနေတာ မင်းရဲ့ဘယ်ဘက်ကဧည့်ခန်းရှေ့မှာ..... အခန်းကနေထွက်ပြီး ညာဘက်ကနံရံကိုကပ်သွား သုံးလှမ်းစာလှမ်းပြီးရင် "
အလုပ်စားပွဲလို့ထင်ရသည့်စားပွဲမှာ သူဝင်ထိုင်လိုက်ပြီး ပလ္လင်ကိုမကြည့်ဘဲစကားတွေပြောနေသည်။ အလင်းထွက်များနေသောကြောင့် ကွန်ပြူ တာမှာပေါ်နေတဲ့အဖြူ ရောင်မျက်နှာပြင်က စာလုံးတချို့ကိုတော့ အမြင်အာရုံမကောင်းနေတဲ့ ပလ္လင်အနေနဲ့ ဘယ်လိုမှဖတ်လို့မမြင်ပေ။
" တချိုးတည်းသာပြေးတော့ "
စကားစဖြတ်ထားပြီးမှ အတန်ကြာမှထွက်လာတဲ့စကားလေးက ပလ္လင်ကိုထွက်ပြေးခိုင်းနေသည်မို့ ခဏတော့နားမလည်သလိုဖြစ်သွားသည်။ နောက်တော့မှ သူမွေးထားတဲ့ကြောင်ရှိနေလို့များ ပလ္လင်ကိုဒီလိုပြောတာလားလို့ သဘောပေါက်သွားရသည်။ စိတ်ထဲမှာလည်း ဘာရယ်မဟုတ်သောစကားတစ်ခွန်းကို သဘောတကျဖြစ်နေမိသည်။
" အိမ်ပြန်တော့..... ဒီမှာကြာကြာမနေနဲ့ မင်းအိမ်ကစိတ်ပူလိမ့်မယ် "
အိပ်ရာကထရန်လုပ်နေသော ပလ္လင်ရဲ့လှုပ်ရှားမှုတွေက စိတ်ပူပေးဟန်ရှိသောသူ့စကားနောက်က အိမ်ဆိုသောစကားကြောင့် ခဏတာရပ်တန့်သွားသည်။ ဖြောင့်စင်းနေသောဆံနွယ်တို့က မျက်နှာထက်မှာကပိုကရိုကျနေသောကြောင့် အေးစက်ငြိမ်သက်သွားသောမျက်ဝန်းကို ထိုင်ခုံမှာထိုင်ကာကိုယ်တဝက်လှည့်လာသောသူတော့ မမြင်တွေ့ဖြစ်ခဲ့ပေ။
ထိုအစား ပလ္လင်တစ်ခုခုဖြစ်သည်ထင်ကာ လူတစ်ယောက်ကို လူတစ်ယောက်ကစိတ်ပူပေးဟန်ဖြင့် နေရာမှထလာခဲ့ပြီး အနားကိုရောက်လာကာတွဲထူလေသည်။ ပလ္လင်ရဲ့ကိုယ်ကိုတွဲထိန်းပေးသော ဝဲဘက်ခြမ်းရှိသူအား ဘာကြောင့်ရယ်မသိမော့ကြည့်ဖြစ်ရင်း သာမန်အထိအတွေ့လေး၌ တုန်လှုပ်နေခဲ့မိသည်။
" အဆင်ပြေတယ်မထင်လို့ လာကူတွဲပေးတာ "
" အင်း "
ထိုမျှသာပြောမိပြီး ပလ္လင်အကြည့်လွှဲလိုက်ကာ သူ့အကူအညီဖြင့်အခန်းပြင်သို့ထွက်လာခဲ့သည်။ တကယ်ဆို ဘာမှမဖြစ်တော့ပေမဲ့လည်း သူနှင့်နီးနီးကပ်ကပ်နေရတာကို ပလ္လင်သဘောကျနေလို့ နှုတ်ဆိတ်ရင်းသာနေလိုက်သည်။ နီးကပ်နေသောအနေအထား ကြားနေရသောအသက်ရှုသံလေး မြင်နေရသောသူ့မျက်နှာလေးက ပလ္လင်လိုလူတစ်ယောက်ကို တုံ့ဆိုင်းစေသတဲ့။
ကစားခဲ့သောမိန်းကလေးများနှင့် အနမ်းမှလွဲရင် ဘယ်လိုအထိအတွေ့ကမှ ပလ္လင်စိတ်ကိုမတုံ့ဆိုင်းစေခဲ့ဘူး။ အခုတော့ သာမန်ဂရုတစိုက်အပြုအမူလေးက ပလ္လင်ကိုပလ္လင်နှင့်မတူအောင် လုပ်နိုင်စွမ်းနေသည်။ ကဆုန်ပေါက်အောင်ခုန်နေတဲ့ ရင်ဘတ်ထဲကနှလုံးသားကတော့ ဝဋ်လည်ဖို့အချိန်တန်ပြီနဲ့တူပါရဲ့။
" ရပြီ ဒီကနေလျှောက်သွားတော့မယ် "
အချိုးမပြေသောပလ္လင်စကားတွေက အေးစက်စက်နိုင်ကောင်းနိုင်လိမ့်မည်။ သူ့အမြင်မှာလည်း ကျေးဇူးတရားမသိတတ်တဲ့သူလို့ ထင်ကောင်းထင်လိမ့်မည်။ ပလ္လင်အတွက်ကတော့ ခေါက်ရိုးကျိုးနေတဲ့ပုံစံလိုဖြစ်နေတာကြောင့် အားနာမိသော်လည်း သူ့နာမည်ကိုခေါ်ဖို့တော့မဝံ့မရဲဖြစ်လေသည်။
" အင်း ဂရုစိုက်သွား ပြီးတော့ "
အနောက်ကိုမလှည့်ကြည့်လိုသော်လည်း ပလ္လင်စိတ်ကိုအလုံးစုံစေစားနိုင်စွမ်းရှိတဲ့ ထိုသူ၏အသံလေးကလည်း အတော်လေးသက်ရောက်မှုရှိစေခဲ့ပြန်သည်။ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီး စကားဆက်မဆိုဘဲရပ်နေသောသူ့ကို ဘာပြောလာမလဲဆိုတာစောင့်ပေးမိသည်။
" ဘာမှမဟုတ်တော့ဘူး အထဲမြန်မြန်ဝင်တော့..... မင်းမိသားစုတွေမရှိဘူးထင်တယ် "
မျက်နှာချင်းဆိုင်ကအခန်းကို မေးဆတ်ကာပြောလာသောသူကို ပလ္လင်ငေးကြည့်ရင်းသာငေးကြည့်နေလိုက်သည်။ မိသားစုဆိုတဲ့စကားလုံးရယ် အိမ်ဆိုတဲ့စကားလုံးရယ်က သူမအတွက်စိမ်းသက်တဲ့စကားလုံးတွေဖြစ်ကြောင်း သူသိအောင်ပလ္လင်မပြောပြချင်ပေ။
သူ့တိုက်ခန်းလေးထဲပြန်ဝင်သွားပြီး တံခါးကိုပိတ်လိုက်သည်အထိ ပလ္လင်ရပ်ကြည့်နေပြီး ကိုယ့်အခန်းဘက်ကိုယ်လှည့်ကာ လျို့ဝှက်နံပါတ်ရိုက်ထည့်ရင်း ငြိမ်သက်စွာနေနေမိသည်။ တအောင့်ကြာတော့ တံခါးလက်ကိုင်ကိုကိုင်ကာတွန်းဖွင့်ပြီး ဘယ်သူမှမရှိနေသောနေရာလေးကို ခြေတစ်လှမ်းချင်းတိုးရင်း တံခါးပြန်ပိတ်ပြီးရပ်ငေးကြည့်လိုက်သည်။
အချမ်းသာဆုံးစာရင်းဝင်ရဲ့ မြေးတစ်ယောက်အဖြစ် ထင်ရာစိုင်းစွာနေခွင့်ရခဲ့ပေမဲ့ နွေးထွေးတဲ့အသိုက်အမြုံတစ်ခုတော့မဟုတ်ခဲ့ဘူး။ တစ်ဦးတည်းသောသမီးအဖြစ် အမည်တပ်ခွင့်ရပေမဲ့ တရားဝင်မြေးတွေကြားမှာတော့ အသိအမှတ်ပြုခွင့်မရှိတဲ့ အပြင်လူတစ်ယောက်သာသာပင်။
လောကကြီးကတရားမျှတခြင်းတွေနဲ့တည်ဆောက်ထားတယ်လို့ ဘယ်လိုအရူးတွေကပြောခဲ့ကြလဲမသိဘူး။ ပလ္လင်အတွက်တော့ တရားမမျှတခြင်းတွေသာလျှင် ဆောင်ကျဉ်းပေးခံခဲ့ရသည်မဟုတ်လား။ ထို့အတွက်ကြောင့် မမျှတတဲ့လောကကြီးကနေ မွန်းကျပ်မှုတွေပျောက်အောင်လို့ ရုန်းထွက်ကြည့်ဖူးတယ် အဖြေကမရေမရာပဲ။
လက်ကောက်ဝတ်ကထာဝရအမှတ်ဖြစ်သွားတဲ့ အမာရွတ်တစ်ခုကိုငုံ့ငေးကြည့်လိုက်တော့ ဘဝကြီးကိုအရွဲ့တိုက်ခဲ့တဲ့အချိန်တွေကို မှားခဲ့တယ်လို့ပြန်တွေးမိပြန်သည်။ ရှစ်နှစ်ဆိုတဲ့အချိန်တစ်ခုစာက ခိုးငေးမိလိုက်တဲ့တဒင်္ဂရဲ့လဲဖြိုမှုအောက်မှာ မေ့ပျောက်ပစ်ဖို့ကြိုးစားခဲ့သမျှတွေ အချည်းအနှီးဖြစ်သွားလောက်မယ်လို့ မထင်ခဲ့ရိုးအမှန်ပင်။
" ဘယ်လောက်တောင်ကြာခဲ့ပြီလဲ "
ဆက်မပြောတော့သောစကားနောက်မှာ ပိတ်လို့ထားသောနောက်ကျောဘက်မှတံခါးတစ်ချပ်ကို ရွှေပလ္လင်စံဆိုသောကောင်မလေးတစ်ယောက် လည်ပြန်လှည့်ငေးကြည့်လိုက်သည်။ တံခါးတစ်ချပ်ရဲ့အလွန်မှာရှိနေမယ့် မပြောင်းလဲသောဖြစ်တည်မှုက ဘယ်လောက်ထိများ ရွှေပလ္လင်စံအပေါ်သက်ရောက်မှုရှိနေဦးမှာလဲ။
မမေ့နိုင်လောက်အောင်လွမ်းတယ် ဆက်သ.....
.........................................................
YOU ARE READING
နှလုံးသားထဲကအဖြေ ( or ) Heart rate ( Z + U )
Romanceအချစ်တွေသက်ရောက်မှုရှိမရှိဆိုတာ ဝဲဘက်ရင်အုံထဲက အဖြေကအဓိကပါပဲ။ အချစ်တွေသက်ရောက်မှုရှိမရှိဆိုတာ ဝဲဘက်ရင်အုံထဲက အဖြေကအဓိကပါပဲ။