ကွန်ပြူတာ screen၏ ညာဘက်ထောင့်သို့ မျက်လုံးလွှဲကြည့်တော့ အချိန်အားဖြင့် မနက် (၂)နာရီပင် ထိုးနေပြီ ဖြစ်သည်။ ညောင်းဖို့ပင် မေ့နေသည့် ခါးရိုးကျောရိုးများက အလုပ်ရပ်လိုက်မှ ညောင်းချိလာသလို ဖြစ်လာ၏။ ဘေးဝဲယာကို ဝေ့ကြည့်တော့ စုဝေးကာ ကြုံသလိုထိုင်ပြီး အလုပ်လုပ်နေကြသော သူတို့ Team မှာ တချို့က ခုံပေါ်မှောက်အိပ်လို့ တချို့ကတော့ အလုပ်ကောင်းနေကြတုန်းပင်။ ခဏအနားယူရန် အသင့်ချထားသော ဆေးလိပ်ဗူး နှင့် ဖုန်းကိုယူကာ ၀ရံတာဘက်ထွက်လာလိုက်သည်။
Facebook ထဲဝင်သည်နှင့် ခန့်ငြိမ်းသာ ဆိုသည့် အကောင့်ထဲ အရင်ဝင်ကြည့်ရသည်။ ဘေဘီက တစ်ခုခုဖြစ်ရင် Facebook ပေါ်အရင်တင်တတ်သည့် ခေတ်လူငယ်ကောင်လေးပင် ဖြစ်သည်။ မီးစိမ်းနေသေးတဲ့ Account လေးကို မြင်တော့ စံတု မျက်ခုံးတွေ စုကျုံ့သွားသည်။
/ဘေဘီ မအိပ်သေးတာလား/
V call တန်းခေါ်ရန်တွေးလိုက်သော်လည်း WiFi ဖွင့်ပြီး အိပ်ပျော်နေမည်စိုးတာကြောင့် စာအရင်ပို့ရသည်။ ၀ရံတာထက်ကနေ အောက်ကိုငုံကြည့်တော့ ကားလမ်းမက မှောင်မဲနေသည်။ ကောင်းကင်ထက်မော့ကြည့်တော့လည်း ကြယ်ရောင်ပင် မရှိ အမှောင်ဖုံးလို့။ သူ့အနာဂတ်တွေ ဒီလိုမှောင်မဲခဲ့ဖူးတာ သတိရမိတော့ အသက်မဲ့စွာ ခပ်ဟဟရယ်မိသည်။
/အိပ်မပျော်ဘူး ကိုကို/
ပြန်စာလေးကြောင့် စံတုချက်ချင်း V call ခေါ်လိုက်ရသည်။ Screen ထက်ပေါ်လာသည့် မျက်နှာနုနုလေးက ခပ်ပြုံးပြုံး။ ဒီကောင်လေးကြောင့်များ ကြယ်ရောင်တွေ မှေးမှိန်နေကြတာလားလေ။
တဆိတ် ဘေဘီဝတ်ထားတဲ့ အင်္ကျီက သူ့ရှပ်အဖြူ နဲ့ တူနေသည်။
"ခန့် ကိုယ့်ရှပ် ၀တ်ထားတာလား"
"ဟီး ကိုကို့အိမ်မှာ ကိုကို့ရှပ် ၀တ်ပြီး ကိုကို့ကို လွမ်းနေရပါတယ်နော် သိရဲ့လား အာလူးသီးကြီး"
ရှပ်အင်္ကျီအဖြူထဲ မြုပ်နေတဲ့ ဖြူလွှလွှမျက်နှာလေးထက် ညအိပ်ချိန်မို့ ပုံမသွင်းထားတဲ့ ဆံပင်တွေက ရှုပ်ပွလို့ နေသည်။ ၀ါဂွမ်းလုံးလေးကို ကုတင်ပေါ်တင်ထားသလိုပဲ။ ဖက်တွယ်အိပ်စက်လိုက်ရရင် လှပတဲ့ အိပ်မက်တွေက ညတွေတောင် ဆန့်နိုင်ပါတော့မလား။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။