အချိန်ကား ညနေခင်း နေဝင်ရီတရော အချိန်။ ရွာဘုရားပွဲ ပထမဆုံးနေ့ဖြစ်၍ ဆိုင်းသံဗုံသံများသည် တစ်ရွာလုံးသို့ တစ်စတစ်စ အုပ်မိုးလွှမ်းခြုံ၏။ ခန့်အတွက် ဝယ်လာသည့် အင်္ကျီအသစ်၊ပုဆိုးအသစ်နှင့် ဆင်ကိုးကောင်ကတ္တီပါ ဖိနပ်အညိုလေးအား ကုတင်ပေါ်တွင် အစုံလိုက်တင်ထားပေးလိုက်သည်။ ရေချိုးပါက ဘေးအကာရှိမှ ချိုးတတ်သည့် ခန့်က အဝတ်လဲပါကလည်း သူရှိနေလျှင် မကြိုက်။ ရှောင်ခိုင်း၏။ ထို့ကြောင့် နွားလှည်းအသင့်ပြင်ရန်သာ ခြံအောက်သို့ ဆင်းလာနှင့်လိုက်သည်။
နွားလှည်းထက် ဂွမ်းစောင်အထူခင်းချရသည်။ ရွာလမ်းက မညီညာ၍ လှည်းက ဆောင့်တက် တတ်သည်လေ။
"အစ်ကို့.."
အားကိုးတကြီးခေါ်သံလေးကြောင့် ယပိုင် ဆတ်ခနဲလှည့်ကြည့်ရသည်။ လှေကားမှ ဖိနပ်အသစ်လေးကိုင်ကာ ဆင်းလာသည့် ခန့်ခြေဖဝါးလေးများက ပုဆိုးစအောက်တွင် ခပ်ဖွေးဖွေး။ ငွေမျှင်ရောင်ဆံနွယ်များက တစ်ဖြည်းဖြည်း အဖြူဘက်သို့ပြောင်းလာ၏။ သို့သော် ခန့်နှင့် သိပ်လိုက်ဖက်ပါသည်။
"ဟာ..ခန့်..ခဏနေပါဦး"
လှေကားအောက်ဆုံးဆင့်ရောက်သည်နှင့် လက်ထဲရှိ ဖိနပ်အား မြေပြင်ပေါ် ဖက်ခနဲပစ်ချကာ ခြေဖဝါးခပ်နုနုလေးများက နေရာယူပစ်သည်။ ယပိုင် ငေးကြည့်နေရမှ ခန့်ရှိရာသို့အပြေးသွားရ၏။
"နေ့ဦး..ခန့်ရဲ့ ပြန်ချွတ်ဦး"
ဒူးထောက်ချလိုက်သည့် သူ့အား ခန့်က မျက်လုံးလေးပြူးကာ ကြည့်လာ၏။ ယပိုင်မော့ကာ ပြုံးပြ၍ ခြေဖဝါးလေးတွေထက် အုပ်ကိုင်လိုက်သည်။
"မဝတ်နဲ့ဦး..ခဏချွတ်"
"ဘာလုပ်ဖို့လဲဗျ..ငရဲကြီးကုန်တော့မယ်"
ခန့်က ခါးလေးကိုင်းကာမနေတတ်သလို ပြုလာသည်။ လက်ထဲရောက်လာသည့် ကတ္တီပါ ဖိနပ်အသစ်လေးအား ဖုန်တစ်ချက်ပြန်ခါ၍ ထိပ်အဝိုင်းနေရာအား ပါးစပ်ဖြင့် ခပ်ဖွဖွကိုက်ချလိုက်သည်။
"ဟာ..အစ်ကို့ ဘာလုပ်တာလဲ ရူးနေလား..ဟာ ဒုက္ခပါပဲဗျာ"
"အဲ့လိုမကိုက်ဘဲ စီးရင် ဖိနပ်ပေါက်တတ်တယ် ခန့်ရ.."
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။