ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာသော နွားလှည်းများကြောင်း ရွာရိုးတစ်လျှောက် ဖုန်တလူလူ။ယပိုင် နောက်သို့ တစ်ချက်လှည့်ကြည့်တော့ သာထူးတို့ ချက်ကြီးတို့မှာ အတော်ပင် ပျော်ရွှင်နေကြပုံရသည်။ ရန်ကုန်သူတွေကြား လွှတ်ထားရသော်လည်း ပေါက်ကရမွှေကြမည် စိုး၍ သူ့မှာ စိတ်မချစွာ လှည့်,လှည့်ကြည့်ရပါသည်။
"ဟဲ့ ယပိုင်..ဘယ်ဘုရားအရင်သွားမှာလဲ"
"ဝက်ကြီးအင်း ဂူပြောက်ကြီး အရင်ဝင်မယ်ဟာ လမ်းသင့်တယ်"
"ကျုပ်ကို ဘုရားရှေ့က ဆံထိုးလေး မဝယ်ပေးချင်ဘူးလားတော့်"
ပျိုပျိုမေသည် လိုချင်တာရှိပါက သူ့ကိုယ်သူ 'ကျုပ်' ဟု သုံးကာ ယပိုင့်ထံ ပူဆာတတ်ပါသည်။
"နင်ပူဆာရင် ငါမဝယ်ပေးတာများ ရှိဖူးလားဟ"
နွားလှည်းမောင်းရင်းနှင့်ပင် ယပိုင် နှင့် ပျိုပျိုမေမှာ စကားတပြောပြော ဖြစ်သည်။
"ခင်ဗျား လှည်းကို ဖုန်မထအောင် မောင်းလို့မရဘူးလား..လူတစ်ကိုယ်လုံး ဖုန်လူးနေပြီ"
ခပ်ကျယ်ကျယ် စွာတာတာ ထွက်လာသည့် အသံကြောင့် ယပိုင် လှည်းကို ရပ်ရတော့မလို ဆက်မောင်းရမလို ဖြစ်သွားရ၏။ သူ့လှည်းနောက်ရှိ လှည်းများအား ရပ်မည်ဟု အချက်ပြသည့် သဘောဖြင့် လက်ထဲရှိ ကြိမ်လုံးအား တစ်ချက်မြှောက်ပြလိုက်သည်။
ယပိုင်နောက်သို့လှည့်ကြည့်သောအခါ မျက်မှောင်ကျုံ့ကာ မကျေမနပ်ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် တန်တိုး၏။
"ဖုန်အရမ်းထူလို့လား ကောင်လေး.."
"ဟုတ်တယ်!"
ခပ်မာမာ ခပ်ချေချေ ပြန်ဖြေပေသည်။ လေသံလေးက "ငါ့အပါးတော်အောက် ဝပ်တွားခစားစမ်း" ဟု အမိန့်ပေးနေသယောင်။
"ရော့..ယူချေ..ဒါလေးကို ခေါင်းမှာပတ်ထား"
စလွယ်သိုင်းထားသည့် အိတ်ထဲမှ ပဝါအကွက်အရှည်အား ထုတ်ယူ၍ ကောင်လေးထံ ကမ်းပေးလိုက်သည်။ ယပိုင်ကမ်းနေသော်လည်း ကောင်လေးမှာ စဉ်းစားချင့်ချိန်နေဟန်။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။