အချိန်ကား မနက်ခင်း ဝေလီဝေလင်း ၄နာရီခန့်။
ငွေမျှင်ရောင်ဆံနွယ်များက ငှက်သိုက်သဖွယ်ဖြစ်နေကာ ငုတ်တုတ်ထိုင်နေသော ခန့်ရယ်။
ခပ်တိုးတိုးလေသံဖြင့် စကားပြောနေကြသော နေယပိုင်နှင့်ရာဇာရယ်။"ကိုယ့်ဇာတ်ကိုယ်နိုင်ရင် ကလေ..ကျွန်တော် ဝင်မပါဘူး..ကိုဟန် မရှိတုန်း ခင်ဗျားကို မှီတွယ်နေတာမျိုးတော့ ဖြစ်မယ်နော် သူတို့က တော်ရုံချစ်ကြတာမျိုး မဟုတ်ဘူး"
ရာဇာ့စကားကြောင့် ယပိုင်ခေါင်းငုံ့ချမိလိုက်သည်။ ခုံပေါ်တွင် ငြိမ်ကာထိုင်နေသည့် ခန့်အား လှည့်ကြည့်တော့ ယပိုင့်ထံ မို့အစ်နေသော မျက်လုံးလေးဖြင့် ပြုံးပြလာ၏။
"ခန့်အဆင်ပြေဖို့ပဲ လိုတယ်ရာဇာ..နောက်ဆုံးမှာ ငါ ဘာပဲဖြစ်ကျန်ခဲ့ ဖြစ်ကျန်ခဲ့..အကုန်အဆင်ပြေတယ်..အစားထိုးဆိုရင်တောင် ခန့်ပျော်သွားရင် ရပြီ"
ရာဇာက ခေါင်းကို တဆတ်ဆတ်ညိတ်ပြသည်။
"သူရွေးရခက်လာခဲ့ရင်ရော..ခင်ဗျားနဲ့ကိုဟန့်ကြားမှာ"
ယပိုင် သက်ပြင်းချလိုက်သည်။
"ခန့်ရွေးချယ်မှုက ငါ့အဆုံးသတ်ပဲ ။ ငါ့ကိုရွေးလာခဲ့ရင်တော့ ဘယ်သူတွေဘာပြောပြော ငါ ခန့်လက်ကိုတွဲမှာ..ဒါက စိတ်ကူးယဉ်ဆန်လွန်းနေပြီမလား..ခန့်က သူ့ကောင်လေးကို သိပ်ချစ်တာ"
"အဲ့တာကို ခင်ဗျားမမေ့ဖို့ဘဲ လိုတာ..လမ်းခရီးဂရုစိုက်..ဆိုင်အတွက်မပူနဲ့..ဟိုကောင်တွေနိုးရင် ကျွန်တော်အကျိုးအကြောင်းပြောလိုက်မယ်"
"ကျေးဇူးပဲကွာ.."
တစ်ရေးနိုး ညောင်ဦးသွားမည် ပူဆာလာသည့် ခန့်ကြောင့် မနက်ကားမှီရန် အောင်မင်္ဂလာဂိတ်သို့ ချက်ချင်းသွားရန်ပြင်ဆင်ရ၏။
Taxi ပေါ်တွင်လည်း ခန့်က ငြိမ်နေသည်။ ကားဂိတ်ရောက်၍ ကားလက်မှတ်ဖြတ်သည်အထိ ဘာစကားမှ မဆို ယပိုင့်နောက်ကနေသာ ငြိမ်ငြိမ်လေး လိုက်၏။ အဝတ်တွေ ပြန်ယူရန်ပြောတော့လည်း ခေါင်းသာခါသည်။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရွာလိုက်မည့် ခန့်နှင့်သူ ဘယ်လိုပင် နှစ်ပါးသွားကြဦးမည် မသိပါ။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။