တီတီတီ.......
အနောက်နားဆီက ဆူညံစွာထွက်ပေါ်လာသော ကားဟွန်းသံကြောင့် ကျွန်တော်စက်ဘီးလက်ကိုင်လေးကို ညာဘက်ကိုစောင်းရင်း လမ်းဘေးသို့ချပေးလိုက်သည်။
ဂလုပ်!
ကတ္တရာလမ်းပေါ်က ဆင်းလိုက်သည်ဆိုတည်းက လမျက်နှာပြင်နှင့် နင်လားငါလား အပြိုင်ချောမွတ်နေပါသော မြေသားလမ်းလေးပေါ်ရှိ ကျောက်သားကျောက်ခဲတို့သည် ကျွန်တော့်ကိုရော၊ ကျွန်တော့်စီးတော်ဖီးဆင့်ဘီးလေးကိုပါ လျှပ်စစ်ရှော့ခ်တိုက်သကဲ့သို့ လှုပ်ရွယိမ်းထိုးစေသည်။ ယမ်းခါနေသော စက်ဘီးလက်ကိုင်ကိုအတင်းကာရောထိန်းကာ နင်းလာနေရင်း အရှေ့ဆီမျှော်ကြည့်တော့ ကျောက်သားထုအကျော်မြေပြန့်ပြန့်တွင်
"ဟေ့ ကလေးတွေ! ဘေးကို... ဘေးကို!"
စက်ဘီးသုံးချက်နင်းစာ အကွာအဝေးတွင် ဂေါ်လီရိုက်နေသော ကလေးအုပ်စု။ စည်းခိုးတယ်မခိုးဘူးငြင်းနေကြသံက ကျွန်တော့်ဆီကတောင် ကြားနေရသည်မို့ ကျွန်တော်လှမ်းအော်သည့်အသံသည် သူတို့ထံသို့တော့မပေါက်။ ဒီလိုအချိန်မျိုးဆို စက်ဘီးဘဲလ်မတပ်မိခြင်းကို အလွန်နောင်တရမိသည်။ ဒီနေ့ မျိုးမင်းဆီကပြန်လျှင်တော့ လမ်းထိပ်အဖောင်းတို့ဆိုင်က စက်ဘီးဘဲလ်ဝယ်ပြီးပြန်ရမည်။
အသံမြေမျိုမတတ် လှမ်းအော်လိုက်မှ လမ်းဘေးတစ်ဖက်တစ်ချက်ဆီကို ရှဲပေးကြသည့် ထိုကလေးများကို ကျွန်တော် စိတ်ထဲကမေတ္တာပို့မိတော့သည်။ တစ်ပြိုင်နက်တည်း တစ်နှစ်တစ်နှစ် ထိုပြဿနာကောင်လေးပေါင်းသောင်းခြောက်ထောင်ကို စိတ်ရှည်လက်ရှည်စာသင်ပေးနိုင်သော မေမေ့ကို စိတ်ထဲကအကြိမ်ကြိမ်လက်ဖျားခါမိသည်။
ကျောက်ခဲထုကိုကျော်လာတော့ ခပ်လှမ်းလှမ်းတွင်လှမ်းတွေ့ရသော ဆိုင်းဘုတ်တွင်က အဝါရောင်နှင့်အစိမ်းရောင် ရောစပ်ထားသော ဝန်ကြီးဌာနတံဆိပ်လေးနှင့် ၎င်း၏ဘေးတွင် ထိုဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာဝန်းဆိုသောစာသားက ထင်းရှင်းနေသည်။ ကျွန်တော် အိမ်ရာဝန်းထဲသို့ ချိုးကွေ့လိုက်ရင်း မျိုးမင်းညွှန်ထားသည့်အတိုင်း စက်ဘီးကိုနင်းလာခဲ့လိုက်သည်။ ရှစ်တန်းနှစ်တွင်မှ ကျောင်းပြောင်းလာသော ကျွန်တော့်အတွက် ကျောင်းအသစ်၏ ပထမဆုံးသော တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည့် မျိုးမင်းအိမ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။
YOU ARE READING
ကိုကို့ကို
Romance"Love Triangle" Pen Missing the Ink, Ink Kissing the Paper. Saket_ Quotesman