တရစပ်မြည်နေသော နှိုးစက်သံကြောင့် ခုတင်ဘေး စားပွဲပေါ်ကနာရီကို တည်စေလှမ်းပိတ်လိုက်တော့ မျက်လုံးပိတ်တစ်ဝက်ဖွင့်တစ်ဝက်နှင့် မြင်လိုက်ရသည်က နံနက်ကိုးနာရီ။
*ကိုးနာရီပဲရှိသေးတာကို*
တည်စေ နာရီကိုအကြည့်လွှဲပြီး ခေါင်းအုံးပေါ်ပါးအပ်ကာ မှောက်အိပ်လိုက်ပြန်သည်။
*ကျောင်းပိတ်ရက်ကြီးကို ငါဘာလို့ နှိုးစက်ပေးထားမိတာလဲ*
အတွေးတစ်ခု ခေါင်းထဲဒိုင်းခနဲရောက်သည်နှင့် တည်စေ့မျက်လုံးတို့က ချက်ချင်းပွင့်လာသည်။
"ဟာ သွားပြီ!"
တည်စေ ခုတင်ပေါ်ကလျှောဆင်းကာ ရေချိုးခန်းထဲ ပြေးဝင်လိုက်သည်။ ထို့နောက် ရေချိုးခေါင်းလျှော်ကိစ္စအဝဝကို ဆယ့်ငါးမိနစ်အတွင်းလုပ်ပြီး အခန်းထဲကထွက်လာခဲ့လိုက်သည်။
*ဖုန်းကြိုဆက်လိုက်ရင် ကောင်းမလား*
လှေကားကအဆင်း ဖုန်းကိုထုတ်ကြည့်လိုက်တော့ ကိုးနာရီတောင်မခွဲသေး။ တည်စေ ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်ပြီး စက်ဘီးသော့ဆွဲကာ ထွက်ခဲ့လိုက်သည်။ ဧည့်ခန်းထဲကဖြတ်လျှောက်ရင်း မသိစိတ်က တစ်စုံတစ်ရာကို မျှော်လင့်မိသေးသည်။ သို့သော် တိတ်ဆိတ်နေသော ဧည့်ခန်းကြောင့် တည်စေ ခပ်မဆိတ်သာ အိမ်ပေါက်ဝဆီလျှောက်လာခဲ့လိုက်သည်။
"အစ်ကိုလေး"
အိမ်တွင်ခေါ်ထားသော အစ်မက အိမ်နောက်ဖေးကထွက်လာရင်း ခေါ်လိုက်သည်မို့ တည်စေလှည့်ကြည့်လိုက်သည်။
"ဦးလေးက အစ်ကိုလေးနိုးလာရင် ပေးပေးပါလို့ပြောသွားတယ်"
စကားမဆုံးခင်အထိ မျှော်လင့်နေခဲ့မိသောကိုယ့်ကိုယ်ကိုယ် ပိတ်ရိုက်ချင်မိသည်အထိ မဇာလက်ထဲက ပိုက်ဆံအုပ်တို့က တည်စေ့ကိုလှောင်ရယ်နေခဲ့သည်။ တည်စေ လက်မလှမ်းဘဲ ထိုပိုက်ဆံအုပ်ကို ငေးကြည့်နေမိတော့
"ယူလိုက်ပါနော်။ အစ်ကိုလေးမယူရင် မဇာကို ဦးလေးကဆူမှာ"
မယူယူအောင် မဇာကတစ်ဆင့်ပေးခဲ့သောအစီအစဉ် အောင်မြင်သည်ပြောရပါမည်။ တုန်တုန်ယင်ယင်ပြောလာသော မဇာကိုကြည့်ရင်း တည်စေ သူ့လက်ထဲကပိုက်ဆံအုပ်ကို ဆွဲယူလိုက်သည်။ ပိုက်ဆံအုပ် သူ့လက်ထဲရောက်သည်နှင့်၊ အိမ်နောက်ဖေးသို့ လွတ်လပ်ပေါ့ပါးစွာ ပြန်ဝင်သွားသောမဇာသည် တည်စေ့၏ ခြောက်ကပ်ကပ်ရယ်သံကိုတော့ဖြင့် မကြားလိုက်တန်ရာ။
YOU ARE READING
ကိုကို့ကို
Romance"Love Triangle" Pen Missing the Ink, Ink Kissing the Paper. Saket_ Quotesman