"ရော့ ဒါက မင်းအတွက်၊ မင်းအတွက်က ဒီမှာ၊ နင်ကကျ ဒါယူ..."
ပိုင်ပိုင်၊ ကစ်ကစ်နှင့် သဲစုတို့ကို ငှက်ပျောသီးများ ညီတူမျှတူဝေခြမ်းပေးပြီးနောက် လက်ကျန်နှစ်လုံးကို ဩဩလက်ကကိုင်ထားလိုက်ရင်း
"စားပြီးရင် အခွံတွေကိုမြေကြီးထဲမြှုပ်ပစ်နော်။ မိသွားလည်း မဖော်ကြေး"
ရှေ့ကသုံးယောက်ကို မျက်လုံးချင်းဆိုင်ကြည့်ပြီးပြောတော့ သုံးယောက်သားက ခေါင်းညိတ်ပြလာသည်။ ရှေ့ထုတ်ပေးလိုက်သောညာဘက်လက်သန်းလေးကို နောက်ထပ်လက်သန်းသုံးချောင်းက လာချိတ်တွယ်ရင်း
"ကတိ!"
ဝန်းထဲရှိ ဩဩတို့စုရပ်အပင်ကြီးအောက်တွင် လေးယောက်သား၏ သံပြိုင်ကတိပြုသံညံခဲ့သည်။
လူစုခွဲကာထွက်လာခဲ့ပြီးနောက် ဩဩဦးတည်ခဲ့သည်က ဩဩ၏လျှို့ဝှက်နေရာ...၊ ရေကန်ဟောင်းကြီးရှိရာ။
ထိုကန်ကြီးသည် မေမေနီနီတို့ငယ်ငယ်တုန်းက အနီးအနားတစ်ဝိုက်ကအိမ်ခြေတို့ အဓိကသုံးသည့် ရေရင်းမြစ်ဖြစ်ခဲ့သည်ဟု မေမေနီနီကပြောပြဖူးသည်။ ဩဩတို့မရောက်မီနှစ်များကပင် ရေကန်ကြီးမှရေများခမ်းခြောက်ပြီး နောက်ပိုင်းပြန်လည်ဖော်ယူမည့်သူများမရှိသဖြင့် ရေကန်ပျက်ကြီးအဖြစ်သာ ကျန်ရစ်ခဲ့သည်။ ပိုင်ပိုင်တို့လို အဆော့မက်သည့်သူများပင်လျှင် ကန်ကြီးနားမှာ ခြေကလိမ်မသရဲရှိသည်ဆိုပြီး လာမဆော့ရဲကြ။
ဩဩတော့ တစ်ခါမှတောင် ထိုသရဲမကိုမတွေ့ဖူးခဲ့။ သည်နေရာကိုရောက်တာဖြင့် အခေါက်ပေါင်းမနည်းတော့။ ကိုကိုနှင့်စိတ်ကောက်ချိန်တိုင်း...၊ ပြီးတော့... ယခုလိုအိမ်ကမသိအောင် တစ်ခုခုခိုးလုပ်သည့်အချိန်တိုင်း...။
ဩဩရောက်တော့ ထုံးစံအတိုင်း မည်သူမျှရှိမနေ။ ဩဩထိုင်နေကျ ရေကန်၏မြောက်ဘက်ဘောင်တွင် ကျောမှီကာထိုင်ချလိုက်သည်။ တစ်နေကုန်ပူထားသောအညာနွေသည် အားပြင်းလှရာ ကုက္ကိုပင်ရိပ်ကျသည့် သည်ဘက်ခြမ်းကန်ဘောင်တွင်ပင် အပူရှိန်တို့ဟပ်နေသည်။
နွမ်းခဲ့သမျှအပန်းဖြေရန် အင်္ကျီအိတ်ကပ်တစ်လုံးစီတွင်ထည့်ထားသည့် ဖီးကြမ်းငှက်ပျောသီးနှစ်လုံးကို ထုတ်လိုက်သည်။ ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီးမှ ခပ်သေးသေးတစ်လုံးကို အခွံနွှာပြီး အလုတ်ကြီးကြီးကိုက်ချလိုက်သည်။
YOU ARE READING
ကိုကို့ကို
Romance"Love Triangle" Pen Missing the Ink, Ink Kissing the Paper. Saket_ Quotesman