Episode - 7

1.4K 217 55
                                    

🌵 Unicode 🌵

မျက်လုံးဖွင့်ဖွင့်ချင်းပင် အိပ်ယာဘေးက စားပွဲတင် ပြက္ခဒိန်လေးဆီသို့ မျက်စိရောက်သွားသည်။အနီရောင် ကြက်ခြေခတ် ခုနစ်ခုကို ကျော်လွန်ပြီးနောက်မှာ အသည်းပုံကဲ့သို့ရေးခြစ်ထားသည့် နေ့ရက်လေးရောက်ခဲ့ပြီ။

ဒီနေ့က ကိုယ်အရမ်းချစ်တဲ့သူ ပြန်လာမယ့်နေ့လေ။ခုနစ်ရက်ကို ခုနစ်ကမ္ဘာထင်ရဲ့။

ခွဲရပြီး နှစ်ရက်အကြာမှာ ဖုန်းတစ်ခါပြောခဲ့ကြသေးပေမယ့် နောက်ပိုင်းတွင်တော့ အဆက်အသွယ်မရှိကြတော့ပါ။ဖုန်းထဲမှာပြောသမျှ နားထောင်ကြည့်ရသလောက်တော့ ကျန်းမာရေးမကောင်းသည့် အဘအား ပြုစုနေရခြင်းဖြင့် အလုပ်ရှုပ်နေဟန်တူ၏။

ဘာပဲဖြစ်ဖြစ် ဒီနေ့ပြန်တွေ့ရပြီပဲ။
ပြန်တွေ့တာနဲ့ အတင်းဖက်ထားပြီး ဘယ်လောက်လွမ်းခဲ့ရတဲ့ အကြောင်းတွေပြောမယ်။ပြီးရင် ငိုမယ်။သူပြန်ချော့တာ ခံမယ်။

အတွေးတို့ကသာ ရှေ့ဆက်နေတာ ရောင်နီဦး၏ ခန္ဓာကိုယ်က ခုထိ လှဲလျက်သားပင်။ထို့ကြောင့် ကုတင်ကို ကိုင်ကာ ကြိုးစားထလိုက်သည်။

တစ်ပါးလူတစ်ယောက်ကို တတ်နိုင်သမျှ အကူအညီမတောင်းမိအောင် နေသည်။တာဝန်ကိုယ်စီ ရှိကြတဲ့ လောကကြီးထဲမှာ ကိုယ့်အတွက်နဲ့ သူများအချိန်ပုပ်သွားတာမျိုး မဖြစ်စေချင်ပါ။

"အစ်ကိုလေး နိုးလာပြီလား။ကျနော့်ကို ဘာလို့မခေါ်တာလဲဗျာ။ချော်လဲဦးမယ်"

မြတ်မင်းက အသံနဲ့ အတူ အခန်းထဲဝင်လာကာ အသင့်ရှိနေသော ဝှီးချဲပေါ်တင်ပေးသည်။

ရောင်နီဦး စိတ်ညစ်မိတာ တစ်ခုကလေ အိမ်မှာရှိတဲ့ လူမှန်သမျှ ကိုယ့်ကို အသေအလဲ ဂရုစိုက်ကြတာပဲဖြစ်သည်။ဒီလို ဂရုစိုက်တာကလ​ည်း ကိုယ့်ကို ချစ်ခင်လို့မှန်း သဘောပေါက်ပါသည်။သို့သော် အချစ်ခံရတိုင်းမကောင်းဘူးမလား။
အမြဲ ကိုယ့်ကို စိတ်ပူနေတတ်ကြတာကြောင့် ကိုယ့်ဖာသာကိုယ် ဂရုစိုက်ရသည်။ဟိုဟာလုပ်ရင် ချော်လဲမယ်။ဒီဟာ လုပ်ရင် ထိခိုက်မယ်ဆိုပြီး ပြောဆိုတာမျိုးက တကယ့်ကို စိတ်ကျဥ်းကျပ်ဖို့ ကောင်းသည်။

လမိုက္ညရဲ႕ ေရာင္နီ( လမိုက်ညရဲ့ ရောင်နီ )Where stories live. Discover now