9

4.7K 408 26
                                    

Unicode

အပိုင်း - ၉ : ငါမင်းကိုစိတ်ဝင်စားတယ်

"လင်းယုကကျောင်းပြီးရင် မော်ဒယ်လိုင်းထဲဆက်ဝင်မှာလား"

ကျောင်းသားအများစုကျောင်းလစ်တိုင်းရောက်လာတတ်သည့် သာဓုကန်နေရာတွင် ဖြစ်သည်။ လင်းယုဝေတို့အုပ်စုသည် တောင်ကုန်းပေါ်ရှိထန်းရည်ဆိုင်တစ်ဆိုင်တွင် နေရာယူထားကြ၏။ ကန်ဘက်နှင့်မျက်နှာချင်းဆိုင်ဖြစ်ပြီးအောက်ဘက်ကန်နှင့်ပိုနီးနီးတွင် နေရာယူထားသည့် ဝိုင်းကိုသူစူစမ်းနေခဲ့သည်။ အောက်ဘက် ကန်နှင့်နီးသည့် ဝိုင်းတွင်တော့ ဒုတိယနှစ်အုပ်စုသည် ဂစ်တာတစ်လက်ဖြင့် ဟေးလားဝါးလားလုပ်နေခဲ့၏။ ဂစ်တာတီးသည့်သူကတီး၊ ဖဲရိုက်နေသည့်သူကရိုက်ဖြင့် ဒုတိယနှစ်ကျောင်းသားများသည် အချိန်ကောင်းတစ်ခုကိုဖန်တီးနေခဲ့သည်။

ထန်းရည်ထည့်ထားသည့် ရေနွေးကြမ်းခွက်ကိုလင်းယုဝေတင်းတင်းဆုတ်ကိုင်လိုက်၏။ သူ့စိတ်ထဲတွင် အလိုမကျမှုတို့ ကြီးစိုးနေခဲ့သည်။

'ကင်းတွေကိုမကြိုက်ဘူးလို့ပြောတယ် ပြီးတော့ ကင်းလိုကောင်တစ်ကောင်နားမှာသူကပျော်မြူးနေလိုက်တာ!'

လင်းယုဝေကြည့်နေသည့် ဒုတိယနှစ်အုပ်စုသည် သွန်းနှင်းဆုတို့အုပ်စုပင်။ ဂစ်တာကိုင်နေသူကဇွတ်ကျားဟုသူပြောထားသည့် သွန်းနှင်းဆုပေ။

ဂိမ်းဆော့တယ်၊ ယောကျာ်းလေးတွေနဲ့အပြိုင်ဆဲတယ်၊ ဆာဗာတစ်ခုလုံးမှာယောကျာ်းလေးနဲ့တန်းတူဆော့နိုင်တယ်၊ ကျောင်းမှာလဲတားရော့ဟောတဲ့ရူးကြောင်ကြောင် ယောကျာ်းလေးအုပ်စုနဲ့လဲရင်းနှီးသေးတယ်! အခုသူကဂစ်တာပါတီးပြီးဖဲဝိုင်းမှာတောင် ထိုင်နေလိုက်သေး!

ဒီမိန်းကလေးကသူ့စိတ်ကူးထဲကမိန်းကလေးနဲ့ လုံးလုံးမတူပါဘူး! အခုတော့ သူကပဲတပြန်ကြီးဒီကောင်မလေးနောက်ကိုလိုက်နေရသလိုပဲ!

တွေးရင်းတွေးရင်းဖြင့် လင်းယုဝေဒေါသပိုထွက်လာတော့၏။

သူကအရူးအမူးလိုက်ရမယ်ဆိုတာဒီကောင်မလေးဖြစ်နေစရာလား!

"လင်းယု..."

အချိန်အတော်ကြာသည်အထိအဖြေပြန်မရသည့် မေးခွန်းအတွက် မေးသူမိန်းကလေးသည် ထပ်၍ခေါ်လာ၏။ လင်းယုဝေ၏ မျက်လုံးများသည် ထိုအခါကျတော့မှသာသူ့ကိုမေးသည့် မိန်းကလေးထံသို့ ရောက်သွားတော့သည်။

Fall in love with the type I hate most! [Own Creation]Donde viven las historias. Descúbrelo ahora