22

3.9K 342 2
                                    

Unicode

အပိုင်း - ၂၂ : ချစ်မိတာကကံတရားဆိုရင် ဆက်ပြီးချစ်နေဖို့ဆိုတာကရွေးချယ်မှု။

လင်းယုဝေနှင့်သွန်းနှင်းဆုအခြေအနေသည် အကောင်းဘက်သို့သွားနေသည်ဟုဆိုရမည်ဖြစ်သည်။ သွန်းနှင်းဆုသည် လင်းယုဝေကိုလက်ခံစပြုလာ၏။ လင်းယုဝေနှင့်ပတ်သက်လျှင် တစ်ချိန်တုန်းကခံစားရမည့် ကိစ္စများကိုမခံစားရလောက်ဟုသူမယုံကြည်စပြုလာပြီ။

သို့သော်အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်းဖြစ်တတ်သည်မဟုတ်။

ဒုတိယအကြိမ် Tournament သည် ယခင်နှစ်ထက် စော၍ကျင်းပခဲ့သည်။ လင်းယုဝေနှင့်ပတ်သက်လာလျှင် သွန်းနှင်းဆုသည် သူငယ်ချင်းများရှေ့တွင် စိတ်မဝင်စားသေးသယောင် နေတတ်မြဲ။ Tournament ကျင်းပပြုလုပ်သည့်နေရာကမြို့ရှိနာမည်ကြီးစင်တာတစ်ခုတွင်မို့ လူသွားလူလာများသည့်အပြင် ဂိမ်းပြိုင်ပွဲအတွက်လာသည့် ကစားသမားများလဲများပြားခဲ့သည်။ ယခင်ထက် လူသည်ပို၍ထူထပ်နေခဲ့၏။ ပြီးခဲ့သည့်နှစ်တွင် မလာဖြစ်သည့် လင်းယုဝေသည်လဲအလုပ်များနေသည့်ကြားမှ ရောက်အောင်လာခဲ့သည်။ ထိုသည်ကသွန်းနှင်းဆုဟူသည့် သူမကြောင့်ဖြစ်လိမ့်မည်ဆိုသည်ကိုပြောစရာပင်မလို။

"သွန်းကလေးငါအကူအညီတောင်းချင်လို့"

နဒီဇော်နှင့်အအေးအတူသောက်နေချိန်တွင် ရှင်းသန့်မောင်သည် သူမကိုအပူကပ်လာ၏။ သွန်းနှင်းဆုမျက်ခုံးပင့်ပြီးရှင်းသန့်မောင်ကိုကြည့်သည်။ ရှင်းသန့်မောင် တောင်းလာသည့် အကူအညီကိုသူမခန့်မှန်း၍ရသည်။ ရှင်းသန့်မောင်ကလင်းယုဝေ၏ ညီတစ်ဝမ်းကွဲကောင်လေးနှင့် မနှစ်တုန်းကဇာတ်လမ်းရှိခဲ့သည်မဟုတ်လား။

"စီနီယာလင်းကိုပထုတ်ပေးပါ..."

ရှင်းသန့်မောင်၏ စိတ်အားထက်သန်စွာအကူအညီတောင်းနေမှုကိုသွန်းနှင်းဆုကြည့်သည်။ အကူအညီတောင်းရခြင်းအကြောင်းကိုပုံပြင်ရှည်တစ်ပုဒ်လိုနားထောင်ပြီးနောက် သွန်းနှင်းဆုခေါင်းညိတ်၏။ ရှင်းသန့်မောင်ကိုဟောပြောခဲ့သည့် သူမ၏ ဟောကြားချက်ကမှန်ကန်ခဲ့သည်။ ရှင်းသန့်မောင်၏ သိပ်မကြာခင်ဖြစ်လာမည့် ကောင်လေးကိုသွန်းနှင်းဆုလှမ်းကြည့်သည်။ ထိုကောင်လေးအစားလင်းယုဝေနှင့်သာအကြည့်ချင်းဆုံလိုက်ရ၏။

Fall in love with the type I hate most! [Own Creation]Hikayelerin yaşadığı yer. Şimdi keşfedin