အခန်း ၁၂၂။

3K 465 50
                                    

Original Title - Growing Fond of You, Mr. Nian
Author - Leaf Snow
MM Translator - No Cause

အခန်း ၁၂၂။ ငယ်ငယ်လေးကတည်းက ငါ့မှာ အပြစ်ပြောစရာ မရှိခဲ့ဘူး
____________________

"မင်းကိုယ်မင်း ငါနဲ့ နှိုင်းစရာလား"

နျန်ကျွင်းထင်က သိသာလှသော အမှန်တရားကို ပြောနေပုံနှင့် ကောက်ချက်ချလျက် ကားစက်နှိုးလိုက်သည်။

"ငါက ငယ်ငယ်လေးကတည်းက အပြစ်ပြောစရာ မရှိအောင်ကို – ပြီးပြည့်စုံနေတာ၊ မင်းကတော့ ချို့ယွင်းနေတာတွေချည်းပဲ"

လော့စန်း ဆိတ်ဆိတ်သာ ငြိမ်နေလိုက်တော့သည်။

သူမကိုယ်သူမ ယုံကြည်မှုရှိသည့်တိုင်အောင် သူ့ကို ပြန်လှန်ခုခံ၍ မပြောတော့ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ သူသာ သူမ၏ ပြစ်ချက်များကို တကယ်တမ်း ပစ်ပစ်နှစ်နှစ်ဝေဖန်လာပါက သူမ ဒေါသမထွက်ဘဲ ကားလိုက်စီးနေနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်နေပါစေ၊ သူမ မြို့ထဲပြန်ရန် သူ့ကားနှင့် လိုက်ဖို့လိုအပ်သည်။

ယီကျင်ရှီး သူမနောက်ကို လိုက်မီလာတော့ ပြိုင်ကားသည် အဝေး ခပ်လှမ်းလှမ်းပင် ရောက်နေချေပြီ။ ယီကျင်ရှီး ပြိုင်ကား၏ ဘေးတိုက်အနေအထားကို ဓာတ်ပုံတော့ ရိုက်မီလိုက်သည်။

လော့စန်း ဤကားပေါ်တက်သွားသည်ကိုလည်း သူ မြင်လိုက်ရသည်။

မြို့ထဲ ပြန်ရန် တက္ကစီငှားစီးသွားမည်ဟု သူမ ပြောခဲ့သည်များမှာ အလိမ်အညာချည်းသာဖြစ်တော့၏။

ပြိုင်ကားကလေး တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယီကျင်ရှီး ရင်ထဲ လေးလံနေသည်။ သူ့မျက်ဝန်းများမှာ ကြေကွဲမှုတို့ဖြင့် မှုန်ဝေနေတော့သည်။

လော့စန်းသည် ရှားပါး အလှတစ်ပါးဖြစ်သည်ကို သူ အမြဲ သတိထားခဲ့မိသည်။ သူတို့ ကျောင်းတက်စဉ်ကတည်းက ယောက်ျားလေးများမှာ လော့စန်းကို ပိုးပမ်းခွင့်ရဖို့ကလေးတောင် တန်းစီနေကြရသည်။ သူမ၏ ရုပ်ရည်၊ သူမ၏ ပါရမီနှင့်ဆိုလျှင် သူမကို တန်ဖိုးထားချစ်မည့်သူ ဘယ်တော့မှ ပြတ်လပ်သည်ဟူ၍ မရှိ။ ထိုစဉ်က ရွှီကျန်းရွှမ်ကို စွပ်စွဲအပုပ်ချ၍ သူ သတင်းလွှင့်ခဲ့မိသည်မှာ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာများ ဟိုးအဝီစိထိ ထိုးကျသွားမည်ကို သူ လိုလားခဲ့သည်။ အသံသရုပ်ဆောင်နယ်ပယ်တွင် အရေးပါသော ထုတ်လုပ်သူ လုပ်ငန်းရှင်များကို သူမအား အလုပ်မအပ်ဖို့ သူ သတိပေးထားခဲ့သည်။ သူမ၏ ပါရမီကို သူ မှေးမှိန်စေမည်။ သူမ၏ အရှိန်အဝါကို သူ့လက်နှင့် ဖုံးကွယ်ထားလိုက်မည်။ ဤသည်ကသာ သူမကို သူ့အနား ကျိုးနွံနှိမ့်ချစွာဖြင့် ခေါ်ထားလို့ ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်း။ သူမ အခြားသူဆီ စိတ်မရောက်သွားစေရန်၊ သူမကို မေတ္တာရှိနေသည့် အခြားသူများ ရှောင်ခွာသွားစေရန် တစ်ခုတည်းသော နည်းလမ်း။

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now