Part-8 (Unicode+Zawgyi)

847 67 9
                                    

Unicode

အလင်းရောင်ဖျော့ဖျော့က ပြတင်းပေါက်မှန်မှတစ်ဆင့် တိုးဝင်လာသဖြင့် Krist အလုပ်တွေကို လက်စသတ်လိုက်သည်။ တစ်ညလုံးထိုင်ထားရသဖြင့် အညောင်းအညာ ဆန့်ရင်း စီးကရက်တစ်လိပ်ကို ရှိုက်ဖွာကာ ဝရန်တာကို ထွက်လိုက်ချိန် မိုးရွာပြီးစမို့ထင့်၊ အပေါ်ထပ်ဝရန်တာကနေပါ ရနေသည့် မြေသင်းရနံ့လေးကို ခံစားနေစဉ် နောက်ကနေ ခါးကိုဖက်လာသူကြောင့် ပြုံးမိသွားကာ ခဲလက်စ စီးကရက်ကို တစ်ရှိုက်ဖွာပြီးမှ လက် ကြားထဲ ပြောင်းကိုင်ရင်း စကားစလိုက်၏။

“ ကျွန်တော့်ကြောင့် နိုးသွားပြန်ပြီလား ”

“ မဟုတ်ပါဘူး ကိုယ့်ဟာကိုယ်နိုးလာတာ ”

“ အင်း စောသေးတာကို ဘာလို့ ထလာတာတုန်း ”

“ မင်းမှအနားမရှိတာ ”

ပုခုံးပေါ် မေးစေ့တင်လာရင်း ဂျစ်တစ်တစ်ပြောလာသူကိုစောင်းငဲ့ကြည့်လိုက်တော့ ပါးတစ်ဖက်ကို ဖြတ်ခနဲနမ်းလာပြန်သည်။

“ ဟက် Singtoကတော့လေ ”

“ ကိုယ်လဲ သောက်မယ် မီးခြစ်လေးကော ခဏ.. ”

ထို့နောက် Singtoက ဝရန်တာလက်တန်းပေါ် တင်ထားသည့် စီးကရက်ဘူး ကိုယူကာ စီးကရက်တစ်လိပ်ကို ထုတ်ယူရင်း မီးခြစ်တောင်းနေသဖြင့် အိတ်ကပ်ထဲ ထည့် ထားနေကျ မီးခြစ်ကိုထုတ်ရင်းမှ ခုနက အလုပ်စားပွဲပေါ်ကျန်ခဲ့မှန်း အမှတ်ရ၏။

“ အာ မီးခြစ်က အခန်းထဲ…. ”

“ ဟုတ်လား ကိုယ်သွားယူလိုက်မယ် ”

“ နေဦး မီးခြစ်မလိုပါဘူး.. ”

မီးမညှိရသေးသည့် ဆေးလိပ်ကို ပါးစပ်ထဲ ခဲရင်း အခန်းထဲ ပြန်ဝင်ယူမည် လုပ်နေ သူ၏ လက်တစ်ဖက်ကို လှမ်းဆွဲကာ တားလိုက်တော့ Singtoက နားမလည်သလို လှည့်ကြည့်လာစဉ် Krist သူ့ပါးစပ်မှ သောက်လက်စ မီးညှိပြီးသား စီးကရက်အား Singto၏ မီးမညှိရသေးသည့် စီးကရက်လိပ်ထိပ်နားကို ထိကာ မီးကူးပေးလိုက်သဖြင့် အံ့အားသင့်ဟန်မျက်လုံးတို့က ဝိုင်းစက်သွား၏။

ထိုသို့ဖြင့် ခဏကြောင်အသွားသည့် Singtoကို မျက်စလေးပစ်ပြတော့မှ ပြုံးသွားကာ စီးကရက် ခဲထားတာကို လက်ဖြင့် အုပ်ကိုင်ထိန်းရင်း မီးကောင်းကောင်းကူးချိန်ထိ ရှိုက်ဖွာယူလာသည်။ မီးစွဲသွားမှ လူချင်းခွာသွားသည့် Kristက လုပ်ချင်တာ လုပ်လိုက်ရ လို့ အူမြူးသွားဟန်နှင့် စီးကရက်ကို လက်ကြားထဲပြောင်းကိုင်လျက် မျက်ခုံးတစ်ဖက် ပင့်ပြကာ ပြုံးလို့နေသလို Singtoကလဲ မနိုင်ဘူးဆိုသည့်ဟန်ဖြင့် ခေါင်းယမ်းကာ ရယ် လိုက်ပြီးမှ နှစ်ယောက်သား မတိုင်ပင်ရပါပဲ ဝရန်တာ လက်ရန်းပေါ် လက်ထောက်လျက် ပြူထွက်လာစ နေလုံးကြီးကို အကြောင်းမဲ့ငေးပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာရင်း ငြိမ်သက်နေကြသည်လေ။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now