မယ်တို့ ခြံထဲတွင် လူအယောက် နှစ်ဆယ်ခန့်သည် ခြေချင်းထပ်ကာ အလုပ်များနေကြသည်။ ပန်းအိုးများကို နေရာချသူက ချသည်။ ပန်းထိုးသည့်သူက ထိုးသည်။ စားပွဲများကို ရွှေ့သည့်သူက ရွှေ့သည်။ ထိုင်ခုံများကို သယ်သည့်သူက သယ်သည်။
အိမ်ထဲတွင်လည်း စားသောက်စရာများကို ပြင်ဆင်ရင်း အလုပ်များနေကြတော့သည်။ဦးအောင်မင်း၏ မျက်နှာသည် ပြုံးရွှင်လျက်ရှိနေသည်။
ဦးအောင်မင်းသည် မွေးနေ့ဟု အကြောင်းပြကာ ဧည့်ခံပွဲတစ်ခု စီစဉ်သည်။
ဘွားရွှေသာက ဝမ်းမြောက်ဝမ်းသာဖြင့် သဘောတူသည်။ ထို့နောက် အိမ်နီးချင်းများကို ဖိတ်စေတော့သည်။*********
လရောင်နှင့် မီးရောင်တို့သည် ရောယှက်နေသည်။ မိုးမရွာခြင်းသည် ကံကောင်းသည်ဟု ဆိုရပေမည်။
ဦးအောင်မင်းသည် ဝီစကီ ခွက်ကို တစ်ဖက်က ကိုင် ၊ နှင်းဆီ ဖြူဖြူ တစ်ပွင့်ကို တစ်ဖက်က ကိုင်ရင်း အခန်းရှေ့တွင် ရပ်နေသည်။ တစ်ဖက်အခန်းဆီမှ မယ့် ကိုလည်း စိတ်ကူးဖြင့် ပုံဖော်သည်။
မယ်ဟာ ဘာအရောင်ကိုများ ဝတ်လာလေမလဲ ၊ ဘယ်လို အဝတ်အစားမျိုးကိုများ ဝတ်လာလေမလဲ ၊ ဘယ်လိုပန်းမျိုးကို များပန်လာလေမလဲ။
အနောက်တိုင်းဆန်ဆန် မပြင်မဆင်တတ်သော မယ် သည် ရင်ဖုံးနှင့်ထဘီကိုသာ ဝတ်လာမည်ဟု ဦးအောင်မင်းက ယူဆသည်။ ထို့ကြောင့်လည်း နှင်းဆီ ဖြူ တစ်ပွင့်ကို မယ့် အတွက် ခူးထားခဲ့ခြင်းပင်။
အတန်ကြာစောင့်နေပြီးသောအခါ မယ့် အခန်းတံခါးသည် ခပ်ဟဟ ပွင့်လာသည်။ အပြင်ထွက်လာသော မယ့်ကို ဦးအောင်မင်းသည် မျက်တောင်မခတ်ဘဲ ငေးကြည့်မိတော့သည်။
အဖြူရောင် ရင်ဖုံးအင်္ကျီ ၊ အဖြူရောင် ပိုးထဘီ ၊ အဖြူရောင် ဇာပုဝါ ။ ဆံထုံးမြင့်မြင့်ကို ထုံးကာ သစ်ခွပန်းအဖြူရောင်ကို ပန်ထားသော မယ်သည် ကျော့ရှင်းစွာဖြင့် လှနေသည်။
ဦးအောင်မင်းသည် မယ့် ဆီသို့လှမ်းသည်။ အပြုံးအရယ် မရှိသောမယ်သည် ဦးအောင်မင်းကို တွေ့သောအခါ မျက်ဝန်းများဖြင့် ပြုံးလေသည်။
![](https://img.wattpad.com/cover/273274379-288-k757190.jpg)
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...