မယ် - ၁၃ (Unicode)

764 57 39
                                    

မယ်သည် ဖြီးလိမ်းပြင်ဆင်ခြင်းပင် မရှိတော့။ အမြဲလိုလို စုကာ ထုံးဖွဲ့ထားတတ်သော ဆံနွယ်တို့သည် ဖားလျားချလျက်သာ ရှိနေသည်။ စည်းခြင်းနှောင်ခြင်းလည်း မရှိတော့။ ပန်းတို့သည်လည်း ပန်မည့်သူမရှိတော့ ။

လှလှပပကလေး နေတတ်သော မယ်သည် ယခု အချိန်တွင် ပြောင်းလဲခဲ့လေပြီ။ ဦးအောင်မင်း ရှိစဉ်က အမြဲလိုလို ပြုံးရွှင်နေတတ်သော မယ်သည် အပြုံးအရယ်လည်း မရှိတော့။ မျက်ဝန်းတို့လည်းလည်း တောက်တောက်ပပမရှိတော့။ မျက်နှာလေးသည်လည်း ရွှင်ရွှင်လန်းလန်းမရှိတော့။

************

တိုက်တစ်ခုလုံးသည် တိတ်ဆိတ်ကာ ရယ်သံလွင်လွင်လေးများသည်လည်း ခြောက်ကပ်နေသည်။ မယ်သည် လက်ဆွဲသေတ္တာကို ကိုင်ကာ ခြံအပြင်ဘက်သို့ ထွက်လိုက်သည်။ သည်အိမ်ကို စတင်ခြေချနခဲ့စဉ်က မျက်ရည်ကျခဲ့ရသော်လည်း အနားတွင် ခိုနားစရာ ရင်ခွင်အဖြစ် ဦးအောင်မင်းရှိနေခဲ့သည်။ ယခု ထွက်ခွာမည့် အချိန်တွင်မူ ဦးအောင်မင်းမရှိတော့။ သို့သော်လည်း မျက်ရည်တို့က ကျဆဲပင်။

"မယ် မနေနိုင်တော့ပါဘူး ဦးရယ် "

မယ်သည် ခပ်တိုးတိုးလေးရေရွတ်လိုက်သည်။ ဦးအောင်မင်းမရှိတော့သော ထိုအိမ်တွင် မယ် မနေလိုတော့။ နေလည်း မနေနိုင်တော့။ အရာအားလုံးသည် အိမ်မက်သဖွယ်ပင် ပျောက်ကွယ်ကာ မယ် တစ်ယောက်တည်း ကျန်နေခဲ့ရသော အိမ်တွင် ထပ်၍ မငိုကြွေးနိုင်တော့ပေ။

မယ်သည် နောက်ဆုံးအနေဖြင့် အိမ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဖြူဖွေးနေသော တိုက်အိမ်သည် လှပသော်လည်း အထီးကျန်နေသကဲ့သို့ပင်။ ခြံတံခါးနားတွင်ရှိသော ပန်းပင်တို့သည်လည်း ညှိုးငယ်နေသည်။ မယ်သည် သစ်ခွပန်းပင်များကို ကြည့်မိပြန်သည်။ အရောင်စုံအောင် လှပနေသော ပန်းပင်တို့သည် မယ့်ကို မျက်ရည်ဝဲစေသည်။ မယ်သည် ထိုသစ်ခွများကို ထွေးပွေ့ချင်သော်လည်း ဦးအောင်မင်းကို မြင်ယောင်လာသောကြောင့် အတွေးတို့ကို ရပ်တန့်လိုက်ရသည်။
မယ်သည် မြတ်နိုးရသော ပန်းပင်လေးများကိုပင် ယူမသွားနိုင်တော့။

မယ် Where stories live. Discover now