ကံကောင်းစွာပင် ဘွားရွှေသာတို့သည် မယ်နှင့်ဦးအောင်မင်းကို မရိပ်မိကြဘဲရှိလေသည်။
နှင်းရီနှင့်မြရီသည်လည်း မယ့်ကို အမြင်မကြည်ဖြစ်နေဆဲပင်။
တစ်ခါတရံတွင်တော့ မယ်သည် မိမိဘဝကိုတွေးကာ ရင်မောမိသည်။ ဘွားရွှေသာသည် ဘာကြောင့်များမယ့်ကို မုန်းနေရပါသလဲ။ နှင်းရီနှင့်မြရီတို့သည် ဘာကြောင့်များ မယ့်ကို အမြင်မကြည်ဖြစ်နေရပါသလဲ။
မယ်သည် အပြစ်လုပ်မိသည့် အကြောင်းအရာဟူ၍လည်း ရှိသည်မထင်။ မယ်သိတတ်စအချိန်တွင် မိဘနှစ်ပါးကွဲကွာသွားသည်။ ကွဲကွာသွားခြင်းသည်လည်း ချစ်ခင်လျက်ကွဲကွာရခြင်းမျိုးမဟုတ်။ အမုန်းနှင့် ကွဲကွာရခြင်းမျိုးသာဖြစ်လေသည်။
ထို့နောက်ပိုင်းတွင် မယ်သည် အနှိမ်ခံဘဝဖြင့်သာ ရှင်သန်ခဲ့ရတော့သည်။ လူအများက မယ့်ကိုမချစ်ခင်။ အဖွားအရင်းဖြစ်သူ ဘွားရွှေသာသည်ပင် မယ့်ကို မချစ်ခင်။ နှင်းရီနှင့်မြရီတို့ အတွက်လည်း မယ်သည် မနှစ်မြို့စရာလူတစ်ယောက်ဖြစ်၍နေလေသည်။
ဘာကြောင့်ပါလဲ။ မယ် ဘာအမှားမှ မလုပ်မိရဘဲ ဘာကြောင့်ပါလဲ။ တရားဝင်ဇနီးမယားရှိပါလျက် ဖောက်ပြားခဲ့သည့် ဖခင်ဖြစ်သူကြောင့်လား။ လင်ယောက်ျားပေါ်သစ္စာ စောင့်သိခဲ့သော်လည်း ဆင်းရဲလွန်းသည့် မိခင်ဖြစ်သူကြောင့်လား ။ ထိုသို့မဟုတ်လျှင် မွေးဖွားလာခဲ့မိသည့် မယ့်ကြောင့်ပဲလား။
မယ်သည် ခေါင်းအုံးကို မျက်နှာအပ်ပစ်လိုက်သည်။
အို မယ် ဆက်မတွေးချင်လိုက်တာ။ တွေးမိတိုင်းမှာ မယ် ပင်ပန်းလိုက်တာ။
နာရီလက်တံများရွေ့လျားသံသည် မယ့် နားအတွင်းသို့ရောက်လာသည်။ မယ်သည် ခေါင်းအုံးတွင် မျက်နှာကို အပ်ကာ ရှိုက်နေရာမှ ရပ်သည်။ ထို့နောက် အိတ်ဆောင်နာရီကို ကြိုးမှဆွဲယူပြီး ခလုတ်ကိုနှိပ်ဖွင့်ကြည့်လိုက်လေသည်။
နာရီလက်တံတို့သည် စက္ကန့်မခြားပင် မရပ်မနား လှုပ်ရှားလျက်ရှိသည်။
"သုံးနာရီတောင် ထိုးတော့မှာပါလား "
မယ်သည် နှုတ်မှခပ်တိုးတိုးရေရွတ်ကာ အိပ်ရာမှထပြန်သည်။
မယ့်ဘဝသည် မရိုးရှင်းလှသော်လည်း မယ်၏ တစ်နေ့တာသည် ရိုးရှင်းလွန်းသည်သာမက ပျင်းစရာပင်ကောင်းနေပြန်သည်။
မနက်အိပ်ရာမှထချိန်တွင် မနက်စာစားမည်။ နေ့လည်ရောက်လျှင်နေ့လည်စာစားမည်။ ညနေရောက်လျှင် ညစာဆင်းကာစားမည်။ တစ်နေ့လျှင် သုံးကြိမ်ခန့် အောက်ထပ်ထမင်းစားပွဲတွင်ထိုင်ပြီးသောအခါတွင်တော့ မယ်သည် အခန်းတွင်သာနေတော့သည်။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...