ဦးအောင်မင်းသည် အိပ်ပျော်နေသော မယ့်ကို တစ်ချက်ကြည့်သည်။ ထို့နောက် နိုင်ငံခြားမှ မှာယူထားသော ဝီစကီကို တစ်ချက်ကြည့်ပြန်သည်။
"တန်သားပဲ"
ထိုစကားကို ပြောပြီးသော အခါ ဦးအောင်မင်းသည် ဝီစကီကို ဖြည်းဖြည်းချင်းငှဲ့ရင်း ရင်းလိုက်ရသော ငွေစက္ကူတို့ကို ပြန်တွေးမိလေသည်။
"မယ်ဟာ ဝီစကီ လိုပဲ "
အနည်းငယ် စောင်းနေသော ပုလင်းထဲမှ ဝီစကီသည် ခွက်ထဲသို့ တဖြည်းဖြည်းချင်းကျသည်။ ဦးအောင်မင်းသည် ဖန်ခွက်ကို အသာ မြှောက်ကိုင်ရင်း ပြုံးလိုက်သည်။
"ဖြည်းဖြည်းချင်း အရသာ ခံကြည့်ဖို့ကောင်းတယ်"
ဦးအောင်မင်းသည် အလိုကျစွာဖြင့် ရယ်ပြန်သည်။
မယ်၏ ခန္ဓာကိုယ်ကို နှစ်ခြိုက်ခဲ့သော ဦးအောင်မင်းမှာ မယ့်ကို ရခဲ့လေပြီ ။ တက်မက်ခဲ့သော ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို တွေ့ထိခွင့်လည်း ရခဲ့ပြီ။
"မယ်က သိမ်းသွင်းဖို့လွယ်လိုက်တာ"
******
မယ် သည် အိပ်ယာမှ နိုးနိုးချင်းတွင် အလန့်တကြား ထ ထိုင်မိသည်။
ဘေးဘီဝဲယာ ကို ကြည့်မိသော အခါ ဦးအောင်မင်းကို မတွေ့ ။ ဝီစကီ ခွက်နှင့် စီးကရက် အပိုင်းအစ များကို သာ စားပွဲပေါ်တွင် တွေ့ရလေသည်။
မယ်က ချက်ချင်းပင်ထ ရပ်ကာ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို ပြန်ပြင်ဝတ်သည်။ ထို့နောက် ဆံပင်တို့ကို စုသိမ်းကာ အခန်းအပြင်သို့ ထွက်တော့သည်။
အခန်းထဲသို့ရောက်သည်အထိ မယ်၏ ရင်မှာ တဒိန်းဒိန်း တုန်နေတော့သည်။ လက်ချောင်းလေးများသည် တုန်ယင်ကာနေသည်။ နှုတ်ခမ်းတို့သည်လည်း ဖိကိုက်ထားသည့်တိုင် တဆတ်ဆတ် တုန်ယင်နေလေသည်။
"မယ် မှားပြီလား "
မယ်သည် ထိတ်လန့်တကြားပင် ရေရွတ်လိုက်မိသည်။ ထိုရေရွတ်သံသည် မယ့် တစ်ကိုယ်စာပင် မကြားနိုင်လောက်အောင် တိုးလျနေသည်။
"မယ် မှားသွားပြီလား"
နောက်ထပ်တစ်ကြိမ် ရေရွတ်သော အခါတွင်တော့ မယ်က ခေါင်းကို တွင်တွင်ခါသည်။ ထို့နောက် ဦးအောင်မင်း၏ အခန်းဘက်ကို လှည့်ကြည့်ရင်း သက်ပြင်းကို အသာရှိုက်သည်။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...