မယ်သည် ပတ်ဝန်းကျင် အခြေအနေကိုပင် ဂရုမထားဘဲ ဦးအောင်မင်း၏ ရင်ခွင်အတွင်း မျက်နှာအပ်ကာ ငိုနေတော့သည်။
"မယ်ရေ မငိုပါနဲ့ကွယ်"
ဦးအောင်မင်းသည် မယ့်ကို ပွေ့ဖက်ရင်းမှ အသာအယာ ပြုံးသည်။
ဆံထုံးတွင်ပန်ထားသော သင်းပျံ့ပျံ့ နှင်းဆီနံ့ကို ခံစားရင်းမှ ဆံနွယ်များကို လည်း နမ်းရှုံ့ ပြန်သည်။"ခေါင်းမော့ပါဦး မယ်ရယ်"
မယ်သည် ချက်ချင်းဆိုသလိုပင် ခပ်ဖြည်းဖြည်းမော့လာသည်။ မျက်ဝန်းတို့သည် စိုစွတ်နေဆဲပင် ။
"နောက်ကို ဘယ်အကြောင်းနဲ့မှ မယ် မငိုရတော့ပါဘူး "
ထိုစကားကို ကြားသောအခါ မယ်သည် ဦးအောင်မင်းကို ပြုံးပြလာသည်။ ယုံကြည်ပါသည်ဟုလည်း ခေါင်းညိတ်ပြပြန်သည်။
မယ် ဒီဘဝက လွတ်တော့မယ် ထင်ပါရဲ့ ။
"မယ် ပွဲထဲ ပြန်သွားချင်သလား"
မယ်သည် ခေါင်းခါသည်။
"မယ် သူတို့နဲ့ မတွေ့ချင်ဘူး"
"ဒါဖြင့် အိမ်အောက်မှာထိုင်မလား"
မယ်သည် ခေါင်းကို အသာညိတ်ပြသည်။
"လာပါ အောက်ထပ်မှာခဏသွားနားကြမယ် "
ဦးအောင်မင်းသည် မယ့် ကို အသာကိုင်ကာ လှေကားမှဆင်းသည်။
"မယ် ထိုင်နော် ၊ ဦး သံပုရာရည်သွားဖျော်ပေးမယ်"
ဦးအောင်မင်းသည် အထဲသို့ဝင်သည်။မယ် က ဧည့်ခန်းတွင် ထိုင်နေရင်းမှ ဧည့်ခံပွဲကို လှမ်းကြည့်သည်။
မီးရောင်တလက်လက် အောက်တွင် ဖန်ခွက်တို့သည် တဖျတ်ဖျတ်ပင် တောက်နေသည်။ ပြုံးပြနေသော နှုတ်ခမ်းများ ကိုလည်း ထင်ထင်ရှားရှားပင်တွေ့ရသည်။ သို့သော် မျက်လုံးတို့သည်ကား ပြုံးယောင်မသန်းဘဲ ခပ်စိမ်းစိမ်းသာ ဖြစ်နေကြလေသည်။
ဪ ဟန်ဆောင်တတ်လိုက်ကြတာ ။
ဘွားရွှေသာသည် ဧည့်သည်များဖြင့်စကားပြောနေသည်။ နှင်းရီနှင့် မြရီမှာ ဘွားရွှေသာ၏ နောက်မှ တစ်ကောက်လိုက်ကာ အပြုံးများကို ပေါပေါသီသီပေးနေတော့သည်။
YOU ARE READING
မယ်
Romanceမျှော်လင့်ခဲ့တဲ့ မေတ္တာကို လုံလုံလောက်လောက်မရခဲ့တဲ့ မယ်။ တောင့်တမိတဲ့ ချစ်ခြင်းတွေကို မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ မယ် ။ မယ်ဟာ အချစ်ငတ်နေတဲ့သူ ။ မယ်ဟာ မေတ္တာငတ်နေတဲ့သူ။ မယ်သည် အချစ်ခံရခြင်း မှ အခြားမသိ ။ မယ့်သိသည်မှာ တစ်ခုသာ ရှိသည်။ မယ့်ကို နွေးထွေး...